၂.၈.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား မကြာသေးမီရက်ပိုင်းက နယ်စပ်ဒေသ တိုက်ခိုက်မှုတွေ အဆုံးသတ်စေဖို့ အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်ပ်က ဝင်ရောက်စွက်ဖက်ရပ်ဆိုင်းစေခဲ့အပြီးမှာတော့ ကမ္ဘောဒီးယား ဒုတိယ ဝန်ကြီးချုပ် ဆန်ချန်တိုလ်က ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ ထရမ့်ပ်ကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆုချီးမြှင့်ဖို့အတွက် အဆိုပြုအမည်တင်သွင်းသွားမယ်လို့ ဩဂုတ်လ ၁ ရက်မှာ ပြောခဲ့ပါတယ်။
ဒီမတိုင်မီ သတင်းထောက်တွေနဲ့ ဖနွမ်းပင်မြို့မှာပြောကြားခဲ့ရာမှာလည်း ဆန်ချန်တိုလ်က ငြိမ်းချမ်းရေးရရှိစေခဲ့မှုအတွက် ထရမ့်ပ်ကို ကျေးဇူးတင်တယ်လို့ပြောခဲ့ပြီး ထရမ့်ပ်အနေနဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ထိုက်တန်ပါတယ်လို့ ပြောခဲ့ပါတယ်။ ဒီဆုက နိုင်ငံတွေအကြား ချစ်ကြည်ဖော်ရွေစွာဆက်ဆံမှု တိုးစေဖို့ ရည်ရွယ်ပြီး ဆောင်ရွက်မှုအတွက် လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုကို ချီးမြှင့်တဲ့ နိုင်ငံတကာအလယ်မှာ လူသိများတဲ့ဆုတစ်ခုပါပဲ။
ပါကစ္စတန်နိုင်ငံကလည်း အိန္ဒိယနိုင်ငံနဲ့ဖြစ်ပွားခဲ့တဲ့ပဋိပက္ခကိုဖြေရှင်းနိုင်ဖို့ ထရမ့်ပ်က ကူညီဆောင်ရွက်ပေးခဲ့မှုအတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုချီးမြှင့်ဖို့ အကြံပြုတယ်လို့ ဆိုခဲ့ပါသေးတယ်။
ဒါ့ပြင် အစ္စရေး ဝန်ကြီးချုပ် နေတန်ရာဟုကလည်း သူ့အနေနဲ့ ထရမ့်ပ်ကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအတွက် အဆိုပြုခဲ့တယ်လို့ ဇူလိုင်လက ပြောခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်က ထိုင်းနဲ့ ကမ္ဘောဒီးယားတို့စစ်ပွဲက နှစ်ဖက်ရှေ့မတိုးသာ နောက်မဆုတ်သာ အကျဉ်းအကျပ်အခြေအနေထဲရောက်နေကြချိန်မှာ ထရမ့်ပ်က နှစ်နိုင်ငံခေါင်းဆောင်တွေကို ဖုန်းဆက်ပြီး ကြားဝင်ညှိနှိုင်းကာ မလေးရှားမှာ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးပွဲကို ဇူလိုင် ၂၈ ရက်မှာ မလေးရှားမှာဆွေးနွေးနိုင်ခဲ့ကြတာပါ။
Ref-CNA
