၂၉. ၇. ၂၀၂၅
Translated by Thettant
မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ရခိုင်လက်နက်ကိုင် (AA) သည် ဘင်္ဂါလီများအပေါ် ပြင်းထန်သော ကန့်သတ်မှုများနှင့် ဆိုးရွားသော ဖိနှိပ်မှုများကို ကျူးလွန်နေကြောင်း Human Rights Watch က ယနေ့ ပြောကြားခဲ့သည်။
လူ့အခွင့်အရေးလှုပ်ရှားမှုဆိုင်ရာ အဖွဲ့တစ်ခုဖြစ်သည့် Fortify Rights က စာမျက်နှာ ၁၁ မျက်နှာပါဝင်သည့် အစီရင်ခံစာတစ်ခုကို ထုတ်ပြန်လာခဲ့ပြီး ထိုထုတ်ပြန်စာတွင် အစွန်းရောက်ရခိုင် ထွန်းမြတ်နိုင်ဦးဆောင်သည့် AA သည် ရခိုင်ပြည်နယ်တွင် ထိန်းချုပ်ထားနိုင်သောဒေသများမှ ယာယီထိန်းသိမ်းရေးစခန်းများနှင့် ကျေးရွာများရှိ ဘင်္ဂါလီအရပ်သားတွေအပေါ် စစ်ဥပဒေတွေကို မလိုက်နာဘဲ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်ကို တွေ့ရှိရကြောင်းနှင့် AA က ဘင်္ဂါလီအရပ်သားများကို ပြန်ပေးဆွဲ၊ ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်မှုနှင့် ခေါင်းဖြတ်သတ်ဖြတ်မှု အပါအဝင် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးသင့်သည်ဟု ပြောကြားအပြီး တစ်ပတ်အကြာတွင် Human Rights Watch ကပါ ပြောကြားလာခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း AA ၏ နယ်မြေသိမ်းပိုက်မှုများတွင် ဘင်္ဂါလီများအပေါ် သွားလာခွင့် ကန့်သတ်ခြင်း၊ လုယက်ခြင်း၊ ဖမ်းဆီးခြင်း၊ ဆိုးရွားစွာ ဆက်ဆံခြင်းနှင့် တရားမဝင် အဓမ္မစေခိုင်းခြင်း၊ စစ်သားစုဆောင်းခြင်းအပြင် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ပါဝင်သည်။
“AA အနေနဲ့ ခွဲခြားဆက်ဆံပြီး ဖိနှိပ်တဲ့ အပြုအမူတွေကို ရပ်တန့်ပြီး နိုင်ငံတကာဥပဒေကို လိုက်နာသင့်ပါတယ်” ဟု Human Rights Watch ၏ အာရှဒါရိုက်တာ Elaine Pearson က ပြောကြားခဲ့သည်။
◾️ AA ၏ အုပ်ချုပ်မှုအောက်မှ ဘင်္ဂါလီတို့၏ ဘဝ
AA သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် တိုက်ပွဲများ ပြန်လည်စတင်ပြီးနောက် သိမ်းပိုက်ရရှိခဲ့သော နယ်မြေများတွင် ဘက်မလိုက်ဘဲ တန်းတူညီမျှသော အုပ်ချုပ်ရေးကို ဆောင်ရွက်မည်ဟု ကတိပြုခဲ့သည်။ သို့သော် ဘင်္ဂါလီများက AA နှင့် ၎င်း၏ နိုင်ငံရေးလက်ရုံးဖြစ်သော ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) လက်အောက်တွင် ခက်ခဲကြမ်းတမ်းပြီး ကန့်သတ်ချုပ်ချယ်မှုများ၊ ခွဲခြားဆက်ဆံသော စည်းမျဉ်းများနှင့် လုပ်ဆောင်မှုများဖြင့် ဘဝကို ဖြတ်သန်းနေရကြောင်း ဖော်ပြခဲ့ကြသည်။
၂၀၂၅ ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ Human Rights Watch က မြောက်ပိုင်းရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာခဲ့သော ဘင်္ဂါလီဒုက္ခသည် ၁၂ ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။
“AA ရဲ့ ထိန်းချုပ်မှုအောက်က ဘဝက မယုံနိုင်လောက်အောင် ကန့်သတ်ချုပ်ချယ်မှုတွေ များပါတယ်” ဟု ဇွန်လတွင် ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသော အသက် ၆၂ နှစ်အရွယ် ဘင်္ဂါလီဒုက္ခသည်တစ်ဦးက ပြောခဲ့သည်။ “ကျွန်တော်တို့ကို အလုပ်လုပ်ခွင့်၊ ငါးဖမ်းခွင့်၊ လယ်လုပ်ခွင့်၊ ဒါမှမဟုတ် ခွင့်ပြုချက်မရှိဘဲ သွားလာခွင့်တောင် မပေးပါဘူး။ အစာရေစာ ပြတ်လပ်မှုတွေ အကြီးအကျယ် ကြုံရပြီး လူအများစုက တစ်ဦးနဲ့တစ်ဦး တောင်းရမ်းစားသောက်နေရပါတယ်” ဟု ၎င်းက ဆိုသည်။
◾️ ခက်ခဲသော သွားလာခွင့်နှင့် အသက်မွေးဝမ်းကြောင်းများ
အသက် ၆၂ နှစ်အရွယ် ဘင်္ဂါလီအမျိုးသားတစ်ဦးက ၎င်း၏ ဇနီးနှင့် ကလေးနှစ်ဦးနှင့်အတူ ပြီးခဲ့သည့်တစ်နှစ်အတွင်း ၅ ကြိမ်တိုင်တိုင် နေရပ်စွန့်ခွာခဲ့ရသည်ဟု ပြောကြားခဲ့သည်။ “ဒီကာလတွေမှာ ဘဝက မယုံနိုင်လောက်အောင် ခက်ခဲခဲ့ပါတယ်” ဟု ၎င်းက ဆိုပြီး “ကျေးရွာတွေကြား သွားလာခွင့်ကို ကန့်သတ်ထားပြီး ခွင့်ပြုချက်ဆိုတာလည်း ရခဲပါတယ်” ဟု ဆက်လက်ပြောခဲ့သည်။
ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာများကြား သွားလာရန် တစ်ရက်တည်း အတည်ဖြစ်သော ခွင့်ပြုမိန့်များသည် ၃,၀၀၀ ကျပ်မှ ၅,၀၀၀ ကျပ် (အမေရိကန်ဒေါ်လာ ၁.၄၀ – ၂.၄၀) ကုန်ကျပြီး ဒေသခံ မွတ်ဆလင်အုပ်ချုပ်ရေးမှူးနှင့် AA သို့မဟုတ် ၎င်း၏ နိုင်ငံရေးလက်ရုံးအဖွဲ့ ULA ထံမှ လက်မှတ်များ လိုအပ်ကြောင်း ဘင်္ဂါလီများက ပြောခဲ့ကြသည်။ AA က ညမထွက်ရအမိန့် ထုတ်ပြန်ထားကြောင်းလည်း ၎င်းတို့က ဆိုပြီး “အိမ်ပြင်ထွက်နေတဲ့သူတွေကိုတွေ့ရင် ဖမ်းဆီးပြီး သူတို့ ဘယ်ရောက်သွားလဲဆိုတာ ဘယ်သူမှ မသိရတော့ဘူး” ဟု အဆိုပါ အမျိုးသားက ပြောသည်။
AA ၏ အသက်မွေးဝမ်းကြောင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ ကန့်သတ်မှုများ၊ အဓမ္မ ဆက်ကြေးတောင်းခံမှုများနှင့် ဈေးနှုန်းကြီးမြင့်မှုများကြောင့် ၂၀၂၃ ခုနှစ်နှောင်းပိုင်းကတည်းက ပိတ်ဆို့ခံထားရသည့် အကူအညီများအပြင် ပြင်းထန်သော အစားအစာပြတ်လပ်မှုများကို ပိုမိုဆိုးရွားစေခဲ့သည်။ ဘင်္ဂါလီအချို့က ပြည်ပရောက်ဆွေမျိုးများထံမှ ငွေကြေးရရှိသော မိသားစုများထံ တောင်းရမ်းစားသောက်ခြင်းဖြင့် အသက်ရှင်နေရသည်ဟု ဆိုသည်။ အချို့က အခကြေးငွေအနည်းငယ် သို့မဟုတ် လုံးဝမရဘဲ နေ့စားအလုပ်သမားများအဖြစ် လုပ်ကိုင်နေကြသည်။
“ကျွန်တော်တို့ အသက်ရှင်ဖို့ ရုန်းကန်နေရပါတယ်” ဟု မေလတွင် ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသော အသက် ၆၀ ကျော် ဘင်္ဂါလီအမျိုးသားတစ်ဦးက ပြောခဲ့သည်။ “ကျွန်တော်က AA က ပေးတဲ့ ဘယ်အလုပ်မဆို လုပ်တဲ့ အလုပ်သမားတစ်ယောက်ပါ။ အစပိုင်းမှာ သူတို့က ကျွန်တော်တို့ကို (အရင်နေ့ရဲ့ လုပ်ခ) တစ်ဝက်ပေးပါတယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာ လုံးဝမပေးတော့ပါဘူး”ဟု ယင်းက ဆက်လက်ပြောပြသည်။
◾️ လယ်ယာမြေ သိမ်းယူခြင်းနှင့် အဓမ္မ စစ်သားစုဆောင်းခြင်း
AA သည် လယ်ယာမြေများ၊ အိမ်များ၊ နွားများ၊ ငါးဖမ်းထွက်ကုန်များ၊ ထင်းများနှင့် သုသာန်မြေများအပါအဝင် ဘင်္ဂါလီတို့၏ ပိုင်ဆိုင်မှုများကို သိမ်းယူခဲ့ကြောင်း ဘင်္ဂါလီကျေးရွာသားများက ပြောခဲ့ကြသည်။ ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်မှ အမျိုးသားနှစ်ဦးက မေလတွင် AA က ၎င်းတို့၏ သင်္ချိုင်းမြေကို ဖျက်ဆီးခဲ့ပြီး လယ်ကွင်းများကို သင်္ဂြိုဟ်ရန် အသုံးပြုရန် ပြောခဲ့သည်ဟု ဆိုသည်။
ဘင်္ဂါလီကယ်တင်ရေးတပ်မတော် (ARSA) နှင့် အခြားဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့များသည် ၂၀၂၄ ခုနှစ်တွင် တပ်နှင့်အတူ တိုက်ပွဲဝင်ပြီးနောက် မြောက်ပိုင်းရခိုင်ပြည်နယ်တွင် AA အား ပြန်လည်တိုက်ခိုက်ရန် တပ်သားများ စေလွှတ်နေသည်။ တိုက်ပွဲများနှင့် AA ၏ ဘင်္ဂါလီကျေးရွာသားများကို အတင်းအကြပ် စစ်သားစုဆောင်းမှုများသည် အများစု မွတ်ဆလင်ဖြစ်သော ဘင်္ဂါလီနှင့် ဗုဒ္ဓဘာသာ ရခိုင်များအကြား လူမှုအသိုင်းအဝိုင်းတင်းမာမှုများကို ပိုမိုပြင်းထန်စေခဲ့သည်။
ဘင်္ဂါလီသုံးဦးက ၎င်းတို့၏ သားများကို AA က အဓမ္မ စစ်သားစုဆောင်းခြင်းမှ ကာကွယ်ရန် ထွက်ပြေးခဲ့ကြောင်း ပြောခဲ့သည်။ အသက် ၅၇ နှစ်အရွယ် ဘင်္ဂါလီဒုက္ခသည်တစ်ဦးသည် ၎င်း၏ ၁၇ နှစ်အရွယ်သားကို AA က ရှာဖွေစတင်ပြီးနောက် ဇွန်လတွင် ၎င်း၏ မိသားစုနှင့်အတူ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာခဲ့သည်။ “ကျွန်တော် သူ့ကို နှစ်လကြာအောင် ရွာအမျိုးမျိုးမှာ ဖွက်ထားခဲ့ရပါတယ်” ဟု ၎င်းက ဆိုသည်။
အသက် ၆၂ နှစ်အရွယ် အမျိုးသားများထဲမှ တစ်ဦးက ၎င်း၏သားကို ဧပြီလတွင် ကင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်သားစုဆောင်းရန် ရွေးချယ်ခဲ့သည်ဟု ပြောခဲ့သည်။ “သူတို့က သူ့ကို အတင်းအကျပ် စစ်ထဲဝင်ခိုင်းဖို့ ကြိုးစားတော့ ကျွန်တော် အမြဲတမ်း ကြောက်လန့်နေခဲ့ရပါတယ်” ဟု ၎င်းက ဆိုသည်။ “သူတို့က ဆင်းရဲတဲ့မိသားစုက ကလေးတွေကို ပစ်မှတ်ထားပါတယ်။ ကျွန်တော့်သားက စစ်ထဲဝင်ရမှာကို ကြောက်ပြီး ၄၅ ရက်အကြာက ရွာကနေ ထွက်ပြေးသွားခဲ့တာ။ အဲ့ကတည်းက ပျောက်ဆုံးနေတာပါ”ဟု ယင်းက ဆက်လက်ပြောသည်။
AA က ၎င်း၏သားကို ရှာမတွေ့သောအခါ အဆိုပါအမျိုးသားကို ဖမ်းဆီးပြီး အခြားနှစ်ဦးနှင့်အတူ ၃၅ ရက်ကြာ ထိန်းသိမ်းထားခဲ့သည်။ “သူတို့က ကျွန်တော့်ကို အမြဲတမ်း ရိုက်နှက်ပါတယ်” ဟု ၎င်းက ဆိုသည်။ “ကျွန်တော်က ကျွန်တော့်သားကို သူတို့ဆီ ခေါ်လာပေးမယ်လို့ ကတိပေးပြီးမှ လွတ်လာတာပါ”။ ထို့နောက် AA က သူ၏မိသားစု၏ အိမ်ကို မီးရှို့ခဲ့သည်။ ၎င်းတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခြင်းမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ကြောင်း ၎င်းက ပြောခဲ့သည်။
◾️ ဆိုးရွားစွာ ဆက်ဆံမှုနှင့် အဓမ္မ ခိုင်းစေမှုများ
AA သည် ARSA သို့မဟုတ် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်သည်ဟု သံသယရှိသော ဘင်္ဂါလီများကို ပြင်းထန်စွာ ဆက်ဆံခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ကင်းဇင်းဂါးပါရွာမှ အသက် ၃၅ နှစ်အရွယ် ဘင်္ဂါလီအမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့သည်။ “သူတို့က ကျွန်တော့်ကို စစ်တပ်နဲ့ ပူးပေါင်းတယ်၊ စစ်သင်တန်းတက်တယ်လို့ စွပ်စွဲပါတယ်၊ တကယ်တော့ ကျွန်တော်က မတက်ခဲ့ပါဘူး” ဟု ၎င်းက ဆိုသည်။ “ကျွန်တော့်ကို ဘူးသီးတောင်မြို့၊ ရပ်ကွက် ၃ မှာရှိတဲ့ ရဲစခန်းကို ခေါ်သွားခဲ့ပါတယ်။ သူတို့က ကျွန်တော့်ကို ဝါးလုံးတွေနဲ့ ပြင်းပြင်းထန်ထန် မကြာခဏ ရိုက်နှက်ပါတယ်။ ကျွန်တော် အခုထိ လမ်းလျှောက်ရတာ ခက်နေတုန်းပါပဲ”။ ဟု AA ၏ ညှင်းပန်းနှိပ်စက်မှုအပေါ် ဖွင့်ဟခဲ့သည်။
ထို့အတူ အသက် ၁၉ နှစ်အရွယ် ဘင်္ဂါလီအမျိုးသားတစ်ဦးသည် ၂၀၂၄ ခုနှစ်၊ မေလတွင် ငရုတ်ချောင်းကျေးရွာမှ တရားမဝင် အဓမ္မစေခိုင်းရန် ခေါ်ဆောင်ခံရပြီးနောက် AA နှင့်အတူ ၅ လကြာ နေခဲ့ရသည်။ ဘင်္ဂါလီများကို ရှေ့တန်းသို့ “လူသားဒိုင်း” အဖြစ် မကြာခဏ စေလွှတ်ကြောင်း ၎င်းက ပြောခဲ့သည်။ “ဘယ်သူမဆို မလိုက်နာရင် သူတို့ကို ရိုက်နှက်ပြီး လှောင်ပြောင်ပါတယ်” ဟု ၎င်းက ဆိုသည်။ “ကျွန်တော်တို့ တန်းတူဆက်ဆံခံရနိုင်မလားလို့ မေးတဲ့အခါ ‘ဗမာတွေလိုပဲ မင်းတို့ကို ဆက်ဆံမယ်’ လို့ ပြောပြီး ‘ဘင်္ဂါလီ ကုလား’ လို့ မွတ်ဆလင်တွေကို ခေါ်ဝေါ်တဲ့ ဆဲဆိုမှုနဲ့ ခေါ်ပါတယ်”။ ဟု AA ၏ ဗမာနှင့် ဘင်္ဂါလီများအပေါ် ဖိနှိပ်မှုကို ယင်းက ဖွင့်ဟသည်။
◾️ နိုင်ငံတကာ ဥပဒေနှင့် ထွက်ပြေးမှုများ
၁၉၄၉ ခုနှစ် ဂျီနီဗာ ကွန်ဗင်းရှင်း၏ ဘုံအပိုဒ် ၃ နှင့် နိုင်ငံတကာဓလေ့ထုံးတမ်းဥပဒေတို့ကဲ့သို့ သက်ဆိုင်ရာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများသည် ဖမ်းဆီးထိန်းသိမ်းခံရသူများကို ညှင်းပန်းနှိပ်စက်ခြင်းနှင့် အခြားဆိုးရွားစွာ ဆက်ဆံခြင်း၊ လုယက်ခြင်း၊ အသက် ၁၈ နှစ်အောက် ကလေးများကို စစ်သားစုဆောင်းခြင်းနှင့် အန္တရာယ်ရှိသော အဓမ္မစေခိုင်းခြင်း အပါအဝင် အခြားသော ချိုးဖောက်မှုများကို တားမြစ်ထားသည်။
AA နှင့် ဘင်္ဂါလီလက်နက်ကိုင်အဖွဲ့များသည် မှောင်ခိုကွန်ရက်များနှင့် ပူးပေါင်းလုပ်ဆောင်ကာ ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးမှုမှ လူကုန်ကူးမှုပြုကာ အကျိုးအမြတ် ရရှိနေကြသည်။ ဘင်္ဂါလီများက ခရီးစဉ်အတွက် လူတစ်ဦးလျှင် ၈၀၀,၀၀၀ ကျပ်မှ ကျပ် ၁၂ သိန်းခွဲ (အမေရိကန်ဒေါ်လာ ၃၈၀ – ၅၉၅) ကြား ပေးဆောင်ခဲ့ရသည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ်သည် ၂၀၂၄ ခုနှစ်၊ မေလကတည်းက စခန်းများသို့ ရောက်ရှိလာသူအသစ် ၁၂၀,၀၀၀ ကို မှတ်ပုံတင်ထားပြီး သောင်းနှင့်ချီသော လူများမှာ မှတ်ပုံတင်ထားခြင်းမရှိသေးပေ။ မကြာသေးမီက ရောက်ရှိလာသူများက ၎င်းတို့တွင် တရားဝင်အကူအညီ သို့မဟုတ် အထောက်အပံ့ မရှိကြောင်း ပြောခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဘင်္ဂါလီများကို မြန်မာနိုင်ငံသို့ ပြန်ပို့ခြင်းသည် တစ်ခုတည်းသော ဖြေရှင်းချက်ဖြစ်သည်ဟု ဆိုသည်။ ကုလသမဂ္ဂနှင့် စိုးရိမ်ပူပန်သော အစိုးရများက လုံခြုံ၊ ရေရှည်တည်တံ့ပြီး ဂုဏ်သိက္ခာရှိသော ပြန်လာရေးအတွက် အခြေအနေများ မရှိသေးကြောင်း အလေးအနက် ပြောကြားသင့်သည်ဟု HRW က ဆိုသည်။ “အလှူရှင်တွေနဲ့ သြဇာကြီးမားတဲ့ အစိုးရတွေအနေနဲ့ ဘင်္ဂါလီတွေကို ကာကွယ်ဖို့၊ သူတို့ရဲ့ ဘေးကင်းလုံခြုံခွင့်နဲ့ လွတ်လပ်စွာ နေထိုင်ခွင့် အပါအဝင်၊ မြန်မာမှာဖြစ်စေ၊ ဘင်္ဂလားဒေ့ရှ်မှာဖြစ်စေ ပိုမိုလုပ်ဆောင်ဖို့ လိုပါတယ်။ သူတို့ဟာ ရခိုင်ပြည်နယ်ရှိ အသိုင်းအဝိုင်းအားလုံးရဲ့ အခွင့်အရေးကို လေးစားဖို့ AA ကိုလည်း ဖိအားပေးသင့်ပါတယ်” ဟု Pearson က ပြောကြားခဲ့သည်။
Ref, HRW





