◾ ပထမငလျင်လှုပ်အပြီး ၁၈ မိနစ်အကြာတွင်လည်း ပြင်းအား ၅ ဒသမ ၂ အဆင့်ရှိ နောက်ဆက်တွဲငလျင်လှုပ်ခတ်
သက်တံ့
၃. ၂.၂၀၂၆
မကွေးနှင့် ရခိုင်နယ်စပ် စေတုတ္တရာမြို့အနီးတွင် ပြင်းအား ၆ အဆင့်ရှိ ငလျင်ကြီးတစ်ခု ယခုည လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ငလျင်လှုပ်ခတ်မှုမှာ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂) နာရီ၊ (၀၄) မိနစ်၊ (၀၂) စက္ကန့်အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် (၇၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (စေတုတ္တရာမြို့၏ အနောက်-အနောက်မြောက်ဘက် (၂၀) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၀.၅၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၉၄) ဒီဂရီ၊ အနက် (၅၈) ကီလို မီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၆.၀) အဆင့်ရှိ အင်အားအတင့်အသင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။
ငလျင်ပြင်းအား ၆ အဆင့်သည် မိုင် ၁၀၀ ပတ်လည်အတွင်း မြေပြိုမှု၊ အိမ်ပြိုမှုများဖြစ်စေနိုင်သော်လည်း ယခုလှုပ်ခတ်သည့် ငလျင်မှာ ဇောက်တိမ်ခြင်းမရှိဘဲ မြေအောက် ၃၆ မိုင်ခန့်အကွာမှ လှုပ်ခတ်ခြင်းသာဖြစ်၍ ပျက်စီးထိခိုက်မှုနည်းပါးနိုင်ဖွယ်ရှိသည်။


အမေရိကန်ဘူမိဗေဒဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့ USGS ၏ ထုတ်ပြန်ချက်အရမူ ည ၁၀ နာရီ ၄ မိနစ်ခန့်က ရေနံချောင်းမြို့နှင့် ၉၅ ကီလိုမီတာအကွာတွင် ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိငလျင်လှုပ်အပြီး ၁၈ မိနစ်ခန့်အကြာ ည ၁၀ နာရီ ၂၂ မိနစ်ခန့်အချိန်တွင် နောက်ဆက်တွဲ ငလျင်အဖြစ် ပြင်းအား ၅ ဒသမ ၂ ငလျင်တစ်ခုလည်း ရေနံချောင်းမြို့အနီး ၈၈ ကီလိုမီတာအကွာတွင် လှုပ်ခတ်သွားခဲ့သည်ဟု သိရသည်။
ယခုညလှုပ်ခတ်သည့်ငလျင်နှစ်ခုကို မကွေးတိုင်းသာမက၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ မန္တလေး၊ ရန်ကုန်စသည့် ဒေသအများစုမှပြည်သူများပါ သိရှိခံစားလိုက်ရပြီး ရခိုင်သတင်းဌာနများကလည်း ငလျင်ပြင်းထန်ကြောင်း ဖော်ပြနေကာ ယခုညလှုပ်ခတ်သည့်ငလျင်ကြောင့် ပျက်စီးထိခိုက်မှု ရှိမရှိကိုမူ MT News က ဆက်လက် ဖော်ပြပေးမည်ဖြစ်သည်။
