◾ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအတွက် ရုရှားသမ္မတက ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာအား လက်ရောက်ပေးအပ်
◾️လာမည့် မတ်လတတိယပတ်အတွင်း လွှတ်တော်အစည်းအဝေးခေါ်ယူသွားမည်ဟု ယာယီသမ္မတ ထည့်သွင်းပြောကြား
၃. ၂. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး H.E.Mr. Sergey SHOIGU ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် ယာယီသမ္မတက မိမိတို့အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ပြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ ယနေ့တွင် ရွေးကောက်ခံရသူကိုယ်စားလှယ်များ၏အမည်စာရင်းအား နောက်ဆုံးထုတ်ပြန်သွားမည်ဖြစ်ပြီး မတ်လတတိယပတ်အတွင်း လွှတ်တော်အစည်းအဝေးခေါ်ယူသွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးသည့်အချိန်၌ အဆွေတော်၏ ခရီးစဉ်ရောက်ရှိလာမှုမှာလည်း ထူးခြားလေးနက်မှုရှိကြောင်း၊ အဆွေတော်၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။





ထို့နောက် ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးက မိမိတို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E. Vladimir Vladimirovich Putin က အဆွေတော်တို့ နိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအတွက် ပေးပို့လိုက်သည့် ဂုဏ်ပြုသဝဏ်လွှာအား လက်ရောက်ပေးအပ်လိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အခက်အခဲများအကြားမှ ယခုကဲ့သို့ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအပေါ်တွင် မိမိတို့ရုရှားနိုင်ငံအနေဖြင့် အသိအမှတ်ပြုအပ်ကြောင်း၊ မိမိတို့ နှစ်နိုင်ငံအကြားကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများအား ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ ပြုလုပ်ချိန်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံအပါအဝင် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်ခဲ့ပြီး ပြည်သူများမှ တက်ကြွစွာဖြင့် ဆန္ဒမဲပေးခဲ့ကြသည်ကို မြင်တွေ့ခဲ့ရမှုနှင့် လွတ်လပ်ပြီးတရားမျှတမှုရှိသည့် ရွေးကောက်ပွဲတစ်ရပ်အဖြစ် ကျင်းပနိုင်သည်ကို သိရှိခဲ့ရသည့်အခြေအနေများ ဆွေးနွေးခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတွင် မြန်မာတပ်မတော်မှ ပါဝင်ချီတက်ခဲ့မှုအပေါ် ရုရှားနိုင်ငံမှ အမြဲအမှတ်ရနေမည်ဖြစ်ပြီး ဖက်ဆစ်တော်လှန်ရေးနှင့်ပတ်သက်၍ တူညီသော သမိုင်းကြောင်းများရှိခဲ့သည့် အခြေအနေများအား ဆွေးနွေးခဲ့သည်။
နှစ်နိုင်ငံအကြား Cyber security ၊ Information security တို့ အပါအဝင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ချမှတ်၍ တိုက်ဖျက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ နှင့်နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက် ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍ၊ အာကာသနည်းပညာ ဖွံ့ဖြိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
