◾️ ပြည်သူများနှင့် ထိတွေ့မှုများပြားသည့်ပါတီများအနေဖြင့် ပြည်သူများ၏ ထောက်ခံမှုကို ရရှိခဲ့ခြင်းဖြစ်ဟု ဆို
◾️ ကြိုတင်မဲပေးရာတွင်လည်း စနစ်တကျဖြင့် ဆန္ဒမဲပေးရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ မဲသမာမှုမဖြစ်နိုင်ကြောင်း ပြောကြား
၃. ၂. ၂၀၂၆
Written by Nyein Kyaw
မဲစာရင်းရလာဒ်များအရ တိုင်းနှင့်ပြည်နယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် USDP ပါတီက ၄၄ ဒသမ ၁၉ ရာခိုင်နှုန်း၊ တစညပါတီက ၁၃ ဒသမ ၃၄ ရာခိုင်နှုန်း၊ ပြည်သူ့ပါတီက ၈ ဒသမ ၈၅ ရာခိုင်နှုန်း၊ PPP ပါတီက ၇ ဒသမ ၆၅ ရာခိုင်နှုန်း၊ ကျားဖြူပါတီက ၆ ဒသမ ၁၇ ရာခိုင်နှုန်းရရှိခဲ့သည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းအနက် ၁၃ ဒသမ ၁၃ သန်း လာရောက်မဲပေးခဲ့ကြပြီး ရာခိုင်နှုန်းအားဖြင့် ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းပေးခဲ့ကြသည်ကို တွေ့မြင်ရကြောင်း၊ ပါတီပေါင်း ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်မှာ ၆ ပါတီရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
မဲစာရင်းရလဒ်များအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)အနေဖြင့် ၄၄ ဒသမ ၁၉ ရာခိုင်နှုန်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစညပါတီ)အနေဖြင့် ၁၃ ဒသမ ၃၄ ရာခိုင်နှုန်း၊ ပြည်သူ့ပါတီ(PP) ၈ ဒသမ ၈၅ ရာခိုင်နှုန်း၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)အနေဖြင့် ၇ ဒသမ ၆၅ ရာခိုင်နှုန်း၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)အနေဖြင့် ၆ ဒသမ ၁၇ ရာခိုင်နှုန်းရရှိခဲ့သည်ကို တွေ့ရှိရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။



ပြည်သူများနှင့် ထိတွေ့မှုများပြားသည့်ပါတီများအနေဖြင့် ပြည်သူများ၏ ထောက်ခံမှုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတစ်ခုကို မိမိတို့အနေဖြင့် ဖော်ဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
မဲပေးရာတွင်လည်း မဲမသမာမှု ဆောင်ရွက်၍မရနိုင်သည့် မြန်မာအီလက်ထရောနစ် မဲပေးစနစ် MEVM စက်များဖြင့်ဆောငရွက်ခဲ့ခြင်းဖြစ်ပြီး သမာသမတ်ကျသည့် ရွေးကောက်ပွဲအဖြစ် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကြိုတင်မဲများနှင့် ပတ်သက်၍လည်း တိကျစွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မဲဆန္ဒရှင်များ၏ စာရင်းကိုစနစ်တကျ စိစစ်ကောက်ခံ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ကြိုတင်မဲပေးရာတွင် ၁ သိန်း ၄ သောင်းကျော်ခန့် ပယ်မဲဖြစ်ပေါ်ခဲ့ကြောင်း၊ ခိုင်လုံသည့်အကြောင်းပြချက်ဖြင့် လျှောက်ထားသည့်သူများအား ကြိုတင်မဲများခွင့်ပြု ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ကြိုတင်မဲပေးရာတွင်လည်း စနစ်တကျဖြင့် ဆန္ဒမဲပေးရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် မဲသမာမှုမဖြစ်နိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ရွေးကောက်ပွဲတွင် လာရောက်ဆန္ဒမဲမပေးကြသူများအနေဖြင့် မိမိတို့ထောက်ခံလိုသူများ မပါသဖြင့်မဲမပေးခြင်း၊ ဒေသလုံခြုံရေးအရ မဲမပေးခြင်း၊ မိမိတို့၏ မဲပေးပိုင်ခွင့်ရှိမှုကိုမသိရှိခြင်း၊ ခြိမ်းခြောက် အကြပ်ကိုင်မှုများ၊ သွေးထိုး လှုံ့ဆော်မှုများကြောင့် မဲပေးရန် မလာရောက်နိုင်ခြင်းများလည်းရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။ (Photo – NAC)
