◾️ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးရမည်ဖြစ်ပြီး ကောင်စီသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ သက်တမ်းအတိုင်းဖြစ်
၃. ၂. ၂၀၂၆
Written by Nyein Kyaw
ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ တိုင်းပြည်သာယာဝပြောရေးတို့အတွက် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥပဒေ အမှတ် (၃/၂၀၂၆) ဖြင့် ယနေ့တွင် ပြဋ္ဌာန်းလိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ပြည်ထောင်စုလွှတ်တော်၏ ဥပဒေပြုခွင့်အာဏာကို ကျင့်သုံးလျက် ဤဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။
အဆိုပါ ဥပဒေအား စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ (ခ) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ (ဂ) တိုင်းပြည်သာယာဝပြောရေး၊ (ဃ) စားရေရိက္ခာပေါများရေး ရည်ရွယ်ချက်များဖြင့် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။
ပြဌာန်းချက်များအရ နိုင်ငံတော်သမ္မတသည် သင့်လျော်သည့်ပုဂ္ဂိုလ်များဖြင့် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် ၅ ဦးထက်မနည်း ပါဝင်၍ ကောင်စီကို ဖွဲ့စည်းရမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတသည် ကောင်စီကို ဖွဲ့စည်းသည့်အခါ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးကို သတ်မှတ်ပေးရမည်ဖြစ်သည်။
ထို့ပြင် နိုင်ငံတော်သမ္မတသည် ပုဒ်မ ၄ ပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကောင်စီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့သည် ကောင်စီဝင်များ၏ လစဉ်ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင်အယောင်နှင့် ခံစားခွင့်များကို သတ်မှတ်ပေးရမည်ဖြစ်သည်။
ကောင်စီ၏ သက်တမ်းသည် နိုင်ငံတော်သမ္မတ၏ သက်တမ်းအတိုင်းဖြစ်ပြီး ကောင်စီ၏ ရုံးလုပ်ငန်းများအတွက် နိုင်ငံတော်သမ္မတရုံးက စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်သည့်အပြင် နိုင်ငံတော်သမ္မတရုံးသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန်အတွက် လိုအပ်သည့် နည်းဥပဒေ၊ အမိန့်၊ အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်တို့ကို ထုတ်ပြန်နိုင်သည်ဟု ပြဌာန်းထားသည်။
