၁၂.၁၁.၂၀၂၆
Written by Linn Eain
ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား သုံးသိန်းကို တာမွေမြို့နယ် လေးထောင့်ကန်လမ်းပေါ်၌ နိုဝင်ဘာ ၁၁ ရက်၊ နံနက် ၆ နာရီတွင် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ၏ နိုဝင်ဘာ ၁၂ ရက် ထုတ်ပြန်မှုအရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ ယင်းနေ့၊ နံနက် ၆ နာရီတွင် သက်သေများနှင့်အတူ တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်၊ လေးထောင့်ကန်လမ်းတွင် ကျော်နိုင်(၄၂) မောင်းနှင်ပြီး ဇေယျာကျော်(၄၃)နှစ် နှင့် အောင်ခင်(၃၅)နှစ်တို့ တို့လိုက်ပါလာသည့် TOYOTA COROLLA အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထို့နောက် ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၃၀၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆,၀၀၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကျော်နိုင်၊ ဇေယျာကျော်နှင့် အောင်ခင်တို့အား တာမွေမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
