ရောင်ဝါ
၁၂. ၁၁. ၂၀၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ သုံးဘီးယာဉ် တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသားနှစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှု နိုဝင်ဘာ ၁၀ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၀ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပေါင်းလောင်းစစ်ဆေးရေးဂိတ်အနီး ဆောက်လုပ်ရေးတံတား၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ရေဆင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ငပလီအပန်းဖြေစခန်းမှ ကျည်တောင်ကျေးရွာဘက်သို့ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာနေ ကိုဇော်လှိုင်ဌေး(၂၈)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ အမျိုးသားလေးဦး လိုက်ပါလာသည့် NPW-16U-XXXX LONCIN သုံးဘီးယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ တံတား၏ဝဲဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် မောင်းနှင်သူ ကိုဇော်လှိုင်ဌေးနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဦးငယ်(၅၅)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးဇင်မင်းထိုက်(၃၀)နှစ်၊ ဦးဝင်းဆွေ(၅၀)နှစ်နှင့် မောင်ဝေလင်းဦး(၁၄)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ယာဉ်အား မဆင်မခြင် ပေါ့လျော့စွာမောင်းနှင်သူ ဇော်လှိုင်ဌေးအား ရေဆင်းနယ်မြေရဲစခန်းက ယာဉ် (ပ)၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
