သက်တံ့
၁၂. ၁၁. ၂၀၂၆
ယခုနှစ် ဆယ်လအတွင်း စားသုံးသူနစ်နာဆုံးရှုံးသဖြင့်တိုင်ကြားမှု ၄၆၂ မှုအထိရှိခဲ့ပြီး ၄၂၆ မှုဖြေရှင်းပေးထား၊ အွန်လိုင်းမှ စျေးဝယ်ပြီး တိုင်ကြားမှုများမှာ လိမ်လည်မှုသာဖြစ်ပြီး ဆိုင်မရှိပါက ဖြေရှင်းမရကြောင်းပါ စားသုံးသူရေးရာဦးစီးဌာနက အသိပေးသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ဆယ်လအတွင်း ကုန်စည်တိုင်ကြားမှု ၄၄ ခု၊ ဝန်ဆောင်မှုတိုင်ကြားမှု ၄၁၈ ခု၊ စုစုပေါင်း ၄၆၂ ခု လက်ခံရရှိရာ ၄၂၆ ခု ဖြေရှင်းပြီးစီးခဲ့သဖြင့် ဖြေရှင်းရန် ကျန် ၃၆ ခုကို ဆက်လက်ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တိုင်ကြားမှုများအနက် ရန်ကုန်တိုင်းဒေသကြီးတွင် တိုင်ကြားလက်ခံရရှိမှု ၃၀၂ ခုဖြင့် အများဆုံးဖြစ်ပြီးမန္တလေးတိုင်းဒေသကြီးတွင် ၆၄ ခု ဖြင့် ဒုတိယအများဆုံးဖြစ်သည်။
တိုင်ကြားမှုအမျိုးအစားအုပ်စုအရ အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး ဝန်ဆောင်မှုခေါင်းစဥ်၌ တိုင်ကြားမှု ၇၇ ခုဖြင့် တတိယအများဆုံးဖြစ်ကြောင်းတွေ့ရရာ အွန်လိုင်းမှ ဈေးဝယ်ပြီး တိုင်ကြားမှုများကိုညှိနှိုင်းဖြေရှင်းပေးရာတွင် လိမ်လည်မှုဖြစ်ပြီး ဆိုင်မရှိပါက ဖြေရှင်းဆောင်ရွက်ပေး၍မရကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းမှတ်ပုံတင်မရှိဘဲ ရောင်းချခြင်းမပြုရကြောင်း၊ ဝယ်ယူသူများကလည်းဂရုပြုဝယ်ယူရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးမှုများကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်ရုံး အသီးသီးက စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာနက အသိပေးထားသည်။
