◾️USDP ပါတီမှ ပြည်သူ့လွှတ်တော် ၂၃၁ ဦးနှင့် အမျိုးသားလွှတ်တော် ၁၀၈ ဦးအပါအဝင် စုစုပေါင်း ၇၃၉ ဦး အနိုင်ရရှိခဲ့



၃. ၂. ၂၀၂၆
Written by Nyein Kyaw
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ပြီးဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်စာရင်းချုပ်အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၃၁/၂၀၂၆) ဖြင့် ယနေ့တွင် ထုတ်ပြန်ကြေညာထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်၍ အပိုင်းလိုက်ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၆၃ နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၇၃ နယ်နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၂၅၅ နယ်နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ်၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်၊ စုစုပေါင်း မဲဆန္ဒနယ် ၆၈၈ နယ်တွင် ကျင်းပခဲ့ပြီးဖြစ်သည်။
လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများက ထုတ်ပြန်ကြေညာပေးခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း အပိုင်းလိုက် ပါဝင်သည့် မဲဆန္ဒနယ်အလိုက် ကြေညာချက် ၂၄ စောင်ဖြင့် ထပ်ဆင့်ထုတ်ပြန်ကြေညာပေးခဲ့ပြီးဖြစ်သည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါတီ ၃၂ ခုမှ ကိုယ်စားလှယ် ၁၀၂၄ ဦးက လွှတ်တော်အသီးသီးသို့ ဝင်ရောက်နိုင်ခဲ့သလို တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ဖြစ်သည့် ဦးခင်လှိုင်ကလည်း ကြည့်မြင်တိုင်မြို့နယ်မှတစ်ဆင့် ပြည်သူ့လွှတ်တော်သို့ ဝင်ရောက်နိုင်ခဲ့သည်။
