◾ လူနှစ်ဦးသတ်ဖြတ်ထားသော ICE အဖွဲ့နှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာများ ဆက်လက်ရှိနေ
သက်တံ့
၄. ၂. ၂၀၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက စတင်ခဲ့သော ဖက်ဒရယ်အစိုးရ၏ တစ်စိတ်တစ်ပိုင်း ယန္တရားရပ်ဆိုင်းမှုကို အဆုံးသတ်စေမည့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ထရီလျံခန့်ရှိသော အစိုးရရန်ပုံငွေဥပဒေကြမ်းကို အင်္ဂါနေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။
ဤလုပ်ရပ်သည် အမိမြေလုံခြုံရေးဝန်ကြီးဌာန၏ ရန်ပုံငွေနှင့် ပတ်သက်၍ လွှတ်တော်အတွင်း ပြင်းထန်သော အချေအတင် ဆွေးနွေးမှုများ ဖြစ်လာစေရန် လမ်းစဖွင့်ပေးလိုက်ခြင်းလည်း ဖြစ်သည်။
အောက်လွှတ်တော်က (၂၁၇-၂၁၄) မဲဖြင့် အတည်ပြုပြီးနောက် သမ္မတသည် အဆိုပါဥပဒေကြမ်းကို အလျင်အမြန် လက်မှတ်ရေးထိုးခဲ့သည်။
”ဒီဥပဒေကြမ်းဟာ အမေရိကန်ပြည်သူတွေအတွက် ကြီးမားတဲ့ အောင်ပွဲတစ်ခုပါပဲ” ဟု ထရန့်က ပြောကြားခဲ့သည်။
အင်္ဂါနေ့တွင် ပြုလုပ်ခဲ့သော မဲခွဲဆုံးဖြတ်မှုသည် လာမည့် စက်တင်ဘာလ (၃၀) ရက်နေ့အထိ အစိုးရဌာနများနှင့် စီမံကိန်းများအတွက် ရန်ပုံငွေထောက်ပံ့ပေးမည့် နှစ်စဉ်အသုံးစရိတ် ဥပဒေကြမ်း (၁၁) ခုကို လွှတ်တော်တွင် အပြီးသတ် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤဥပဒေကြမ်း အတည်ပြုနိုင်ခြင်းသည် ရန်ပုံငွေဆိုင်ရာ တိုက်ပွဲတစ်ခု၏ အဆုံးသတ်ဖြစ်သော်လည်း အခြားတိုက်ပွဲတစ်ခု၏ အစပျိုးခြင်းလည်း ဖြစ်သည်။ အကြောင်းမှာ မင်နီယာပိုလစ် (Minneapolis) မြို့တွင် ဖက်ဒရယ်အရာရှိ (ICE) များ၏ ပစ်ခတ်မှုကြောင့် Alex Pretti နှင့် Renee Good တို့ သေဆုံးခဲ့ရပြီးနောက်၊ လူဝင်မှုကြီးကြပ်ရေး အင်အားသုံး ဆောင်ရွက်မှုများအပေါ် ကန့်သတ်ချက်များ ပိုမိုတိုးမြှင့်ရန် တောင်းဆိုနေသော ဒီမိုကရက်များ၏ တောင်းဆိုချက်အရ ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနအတွက် ရန်ပုံငွေကို ဖေဖော်ဝါရီလ (၁၃) ရက်နေ့အထိ (နှစ်ပတ်ကြာမျှသာ) ထည့်သွင်းထားသောကြောင့် ဖြစ်သည်။
Alex Pretti နှင့် Renee Good တို့ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဒီမိုကရက်များက လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်များတွင် ကြီးမားသော ပြောင်းလဲမှုများ ပြုလုပ်ရန် တောင်းဆိုနေသဖြင့် ခက်ခဲသော ညှိနှိုင်းမှုများ ပေါ်ပေါက်လာနိုင်သည်။
ထို့အတူ ဖေဖော်ဝါရီ ၁၃ ရက်အလွန်တွင် ဘတ်ဂျက်အသစ်အောင်မြင်ခြင်း၊ ယာယီသက်တမ်းတိုးခြင်းများ မလုပ်ဆောင်နိုင်ပါက အမိမြေလုံခြုံရေးဝန်ကြီးဌာန၏ ယန္တရားအချို့ ရပ်ဆိုင်းသွားပြန်ဦးမည်ဖြစ်သည်။
Ref: SCMP
