၄.၂.၂၀၂၆
Written by Linn Eain
မြန်မာ့မီးရထားက အသစ်ပြေးဆွဲလျက်ရှိသည့် အဲကွန်းပါခေတ်မီ DEMU ရထားသစ်ကို ဖြူးမြို့နယ်၊ ကားလမ်းကူးနေရာတွင် ခဲဖြင့်ပစ်ပေါက်ခဲ့သူအား အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ဝေသည့် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြထားမှုအရ သိရသည်။
ခေတ်မီ DEMU ရထားသစ်ဖြစ်သည့် အမှတ် (၇) အဆန်ရထားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်၊ မွန်းလွဲ ၂ နာရီ ၅၉ မိနစ်တွင် ဖြူးနှင့်ဇေယျဝတီဘူတာအကြား ကားလမ်းကူးနေရာအရောက် ရထားသံလမ်းအနောက်ဘက်မှ ခဲဖြင့် ပစ်ပေါက်ခဲ့သဖြင့် ပထမတန်းတွဲအမှတ်- ၂ DEMU F-1010 တွဲ၏ ခုံအမှတ် ၃၊ ၄၊ ၅၊ ၆ နေရာရှိ ပြတင်းပေါက်မှန် နှစ်လက်မခွဲခန့် ပေါက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ပွားရာနေရာသို ဖြူးမြိုနယ်ရထားရဲတပ်ဖွဲ၊ ဖြူးမြိုနယ်ရဲစခန်းနှင့် ဖြူးမြိုမအရှေ့ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသွားရောက်စစ်ဆေးခဲ့ရာ ရထားလမ်း၏ အနောက်ဘက်ချုံပုတ်အနီးတွင် ကျူးလွန်သူ ထက်ဦးလွင်(ခ)ငထော်နီ (၁၈ နှစ်) ဖြူးမြို့နယ်၊ အုတ်ဖြတ်ရပ်ကွက်နေထိုင်သူကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် DEMU ရထားကို ခဲဖြင့်ပစ်ပေါက်ခဲ့သည့် ကျူးလွန်သူ ထက်ဦးလွင်(ခ) ငထော်နီကို တောင်ငူခရိုင်တရားရုံးမှ ရာဇသတ်ကြီးမှုအမှတ် ၁၂၅/၂၀၂၅ ဖြင့် ဒီဇင်ဘာ ၅ ရက်တွင် ရထား ပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ် ချမှတ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ)အရ ရထားကို တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း (သို့မဟုတ်) တစ်စုံတစ်ရာပြုလုပ်ခြင်း အတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄)အရ ထိုသူကို အနည်းဆုံး ၅ နှစ် မှ အများဆုံး နှစ် ၂၀ ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်းသိရသည်။
