◾️ ပြီးခဲ့သည့် ဇန်ဝါရီလလယ်မှစတင်၍ နှစ်ပတ်အတွင်း တစ်လီတာကျပ် ၁၂၀ မြင့်တက်ခဲ့သော ဒီဇယ်ဈေးနှုန်း ကျပ် ၁၀၀ ခန့် ထပ်မံမြင့်တက်
၄. ၂. ၂၀၂၆
Written by Nyein Kyaw
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၈ သန်း ထပ်မံရောင်းချပေးမည်ဖြစ်၍ ယခုဘဏ္ဍာနှစ် ဆယ်လကျော်တွင် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံခန့် ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလတွင် ၉၃ သန်း၊ မေလတွင် ဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဇွန်လတွင် ဒေါ်လာ ၁၂၅ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၅၃ သန်း၊ ဩဂုတ်လတွင် ဒေါ်လာ ၁၂၆ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၉၉ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာ ၁၂၂ သန်း၊ နိုဝင်ဘာလတွင် ဒေါ်လာ ၁၁၅ သန်း၊ ဒီဇင်ဘာလတွင် ဒေါ်လာ ၁၃၆ သန်းနှင့် ဇန်ဝါရီလတွင် ဒေါ်လာ ၉၅ သန်း ထုတ်ရောင်းပေးထားသည်။

ယခုဖေဖော်ဝါရီလ ၃ ရက်တွင် ဒေါ်လာ ၂၈ သန်း ထုတ်ရောင်းပေးမည်ဟု ကြေညာထား၍ ယခုဘဏ္ဍာနှစ် ဆယ်လကျော်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်မှ ဒေါ်လာ ၁,၁၇၈ သန်း (၁ ဒသမ ၁၇၈ ဘီလျံ)နှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
ပြည်တွင်း၌ စက်သုံးဆီဈေးနှုန်းများသည် ပြီးခဲ့သည့် ဒီဇင်ဘာလအလယ်နှင့်လကုန်ပိုင်းတွင် ဈေးနှုန်းကျဆင်းခဲ့ကာ ပြီးခဲ့သည့် ဇန်နဝါရီလဆန်းတွင်လည်း အနည်းငယ်ထပ်မံကျဆင်းခဲ့သလို ယင်းဈေးနှုန်းဖြင့်သာ ဆက်လက်တည်ငြိမ်ခဲ့သည်။ သို့သော် ဇန်ဝါရီလအလယ်မှစတင်၍ နှစ်ပတ်အတွင်း ဒီဇယ်ဈေးနှုန်း တစ်လီတာ ကျပ် ၁၂၀ မြင့်တက်ခဲ့သည်။
ပြည်တွင်း စက်သုံးဆီဈေးကွက်၌ ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၃၁၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၃၆၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂,၃၈၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂,၆၆၀ ကျပ်ဖြစ်လျက်ရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းနှင့် နှိုင်းယှဉ်ပါက လက်ရှိတွင် ဒီဇယ်ဈေးနှုန်း တစ်လီတာ ကျပ် ၁၀၀ ခန့် ထပ်မံမြင့်တက်ခဲ့သည်။

