၄.၂.၂၀၂၆
Written By Thandar
မင်းသားအောင်ဇမ္ဗူ၊ မင်းသမီးဝင်းသပြေထွန်းတို့ ပါဝင် ကပြဖျော်ဖြေမယ့် “သဘင်မောင်နှမ ကမယ့်ည”ပွဲကို လာမယ့် ဖေဖော်ဝါရီ ၂၁ ရက်နဲ့ ၂၂ ရက်တို့မှာ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမမှာ ကျင်းပမှာ ဖြစ်ပါတယ်။
ဒီစာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ ဖေဖော်ဝါရီ ၄ ရက် နံနက် ၇ နာရီက ရန်ကုန်မြို့ The Eravati Grand Sule Hotel မှာ ကျင်းပခဲ့ရာ အကယ်ဒမီများရှင် ဦးငြိမ်းမင်း၊ မင်းသားကြီး ချမ်းသာ၊ ငှက်ပျောကြော်၊ ကျော်ထူး၊ မင်းဆက်သစ်၊ မိုးစက် စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
“သဘင်မောင်နှမကမယ့်ည ပွဲကိုတော့ ကျွန်တော်တို့ အနုပညာမောင်နှမ နှစ်ယောက်က အတူတွဲဖက်ပြီး တကယ်ထူးခြားတဲ့ပွဲဖြစ်မှာပါ။ အငြိမ့်သဘင်မှာ တကယ်ကို တန်ဖိုးထားပြီး ဖျော်ဖြေတဲ့ မင်းသမီးပါတယ်။ ဒီပွဲက ဇာတ်သဘင်ရော၊ အငြိမ့်သဘင်ရော ရသနှစ်ခုလုံးပေးစွမ်းမယ့် ပွဲဖြစ်ပါလိမ့်မယ်။ အမဝင်းသပြေထွန်းက အငြိမ့်ကပြဖျော်ဖြေမှာ ဖြစ်ပြီးတော့ ကျွန်တော်က ဇာတ်ပွဲကို ကပြဖျော်ဖြေကြမှာပါ။ တကယ့်ကို ဝါရင့်လူရွှင်တော်ကြီးလည်းပါပါတယ်”လို့ မင်းသားအောင်ဇမ္ဗူက MT Entertainment ကို ပြောပါတယ်။
အဆိုပါ ကပြဖျော်ဖြေမှုမှာ ဝါရင့် ဟာသလူရွှင်တော်ကြီးတွေဖြစ်တဲ့ ကျော်ထူး၊ ငှက်ပျောကြော်၊ စိစိ၊ မိုးစက်စတဲ့သူတွေအပြင် အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့သားတွေ ပါဝင်ကပြကြမယ်လို့ သိရပါတယ်။
ဒီပွဲလက်မှတ်တွေကိုတော့ ယနေ့ ဖေဖော်ဝါရီ ၄ ရက် နံနက် ၆ နာရီကစတင်ပြီး ကျပ် ငါးသောင်း၊ ကျပ် ခုနစ်သောင်း၊ ကျပ်ရှစ်သောင်း၊ ကျပ်ကိုးသောင်း ဈေးနှုန်းတွေနဲ့ The Eravati Grand Sule Hotel Ballroom မှာ ရောင်းချပေးနေလျက်ရှိပါတယ်။
#အောင်ဇမ္ဗူ #ဝင်းသပြေထွန်း #AungZabu #WinThapyayTun
#သဘင်မောင်နှမကမယ့်ည #မင်းသားအောင်ဇမ္ဗူ #မင်းသမီးဝင်းသပြေထွန်း
#TheEravatiGrandSuleHotelBallroom








