၄.၂.၂၀၂၆
Written by Thiri
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ဒီနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့ မနက် ၅ နာရီ မိနစ် ၅၀ အချိန်ခန့်က ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ပြန်ပါတယ်။
မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ယာဉ်က အဖြူ အနီကြား “မြစန္ဒာ” ခရီးသည် တင်ယာဉ်ဖြစ်ပြီး ရန်ကုန်ကနေ မန္တလေးကို သွားတဲ့လမ်းအတိုင်း မောင်းလာစဉ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ်၂၆၀ မိုင် ၃ ဖာလုံ အရောက်မှာ ဖြစ်စဉ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အခင်းဖြစ်နေရာဆီ သွားရောက်ကာ ဝိုင်းဝန်းကူညီ မီးငြှိမ်းသတ်ခဲ့သူတွေရဲ့ အဆိုအရ ကားရဲ့ အင်ဂျင်ခန်းမှ ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ အဆိုပါယာဉ်ပေါ်မှာ ယာဉ်မောင်းအပါအဝင် အမျိုးသားနှစ်ဦး လိုက်ပါလာပြီး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာ မရရှိကြောင်းလည်း သိရှိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ မနက် ၆ နာရီ မိနစ် ၃၀ အချိန်ခန့်မှာ ဒိုက်ဦးမြို့နယ်၊ နေပြည်တော်၊ ရန်ကုန်ဘက်ခြမ်း မိုင်တိုင်အမှတ် ၄၆ မိုင် ၅ ဖာလုံ နဲ့ ၆ ဖာလုံကြားမှာ ဒို့ညီနောင်ခရီးသည်တင်ယာဉ်ဟာလည်း အခုဖြစ်ပွားတဲ့ ဖြစ်စဉ်နဲ့ တူညီတဲ့ မီးလောင်မှုဖြစ်ပွားခဲ့သလို ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်အစောပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၅/၇)မှာ ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် (၁၁) မိုင်အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီးနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရပါသေးတယ်။
အမြန်လမ်းအသုံးပြုတဲ့ ခရီးသည်ယာဉ်ကြီးတွေအနေနဲ့ မိမိယာဉ်ရဲ့ ကြံ့ခိုင်မှုကို သေချာစွာစစ်ဆေးပြီးမှ မောင်းနှင်ကြဖို့လည်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။



