၄.၂.၂၀၂၆
Written by Nay Yaung Linn
ပြည်သူ့ပါတီ(People’s Party)က “၂၀၂၅ ရွေးကောက်ပွဲဆန္ဒမွန်” အနေဖြင့် ဖြစ်ပေါ်လာမည့် လွှတ်တော်အသီးသီးနှင့် အစိုးရအနေဖြင့် လက်ရှိကြုံတွေ့နေရသော နိုင်ငံရေး၊ စီးပွားရေးအပါအဝင် စိန်ခေါ်မှုများကို အောင်မြင်စွာကျော်လွှားနိုင်ပါစေကြောင်း ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါထုတ်ပြန်ချက်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပါတီစုံဒီမိုကရေစီ စနစ်ဖော်ဆောင်နိုင်ရန် မျိုးဆက်များစွာ ကြိုးပမ်းတည်ဆောက်ခဲ့ရခြင်းဖြစ်ပြီး ပါတီစုံဒီမိုကရေစီစနစ်သို့ ကူးပြောင်းတည်ဆောက်ရာ၌ ရွေးကောက်ပွဲတွင် ပြည်သူတို့၏ မဲဆန္ဒပေးရွေးချယ်မှုများနှင့်အတူ ခေါင်းဆောင်များ၏ နိုင်ငံရေးအရ ညှိနှိုင်းအဖြေရှာမှုများသည်လည်း အလွန်အရေးပါကြောင်း ဖော်ပြထားသည်။


ဆက်လက်၍ ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲဆန္ဒပေးခြင်းဖြင့်ဖြစ်စေ၊ မဲဆန္ဒမပေးခြင်းဖြစ်စေ ရွေးကောက်ပွဲရလဒ်များကို ဖြစ်ပေါ်စေခဲ့ပြီဖြစ်ပြီး ရွေးကောက်ပွဲအနိုင်ရရှိသည့် လွှတ်တော်ကိုယ်စားလှယ်အသီးသီးသည် မိမိအား မဲပေးရွေးချယ်ခဲ့ကြသည့် မဲဆန္ဒရှင်များကိုသာမက မဲဆန္ဒရှင်နိုင်ငံသားအားလုံးအတွက် လွှတ်တော်သက်တမ်းတစ်ခု ကိုယ်စားပြုဆောင်ရွက်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဖြစ်ပေါ်လာမည့် လွှတ်တော်အသီးသီးနှင့် အစိုးရအနေဖြင့် နိုင်ငံတော်၏ လက်ရှိကြုံတွေ့နေရသော နိုင်ငံရေး၊ နိုင်ငံတကာဆက်ဆံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး စိန်ခေါ်မှုများအား စုပေါင်းအားဖြင့် အောင်မြင်စွာကျော်လွှားနိုင်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်အား စုစည်းတည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း အဆိုပါထုတ်ပြန်ချက်ဖြင့် ပြည်သူ့ပါတီက ဆန္ဒပြုခဲ့ကြောင်း သိရသည်။
၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်တွင် အပိုင်း(၁) စတင်ကျင်းပခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် အပိုင်း (၂) နှင့် ဇန်နဝါရီ ၂၅ ရက်တွင် အပိုင်း (၃) စသည်ဖြင့် အပိုင်းသုံးပိုင်းခွဲ၍ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ပါတီ(People’s Party) အနေဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅ ဦး၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦး စုစုပေါင်း ၃၀ ဦး ကိုယ်စားပြုအနိုင်ရရှိခဲ့ကြောင်း သိရသည်။




