သက်တံ့
၄. ၂. ၂၀၂၆
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ထိုင်းရဲတပ်ဖွဲ့နှင့် သံတမန်များ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်း (Call Center) တစ်ခုတွင် ပိတ်မိနေသော ရုရှားနိုင်ငံသူတစ်ဦး ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု ထိုင်းနိုင်ငံဆိုင်ရာ ရုရှားသံရုံးက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
“မြန်မာနိုင်ငံအတွင်း တရားမဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရုရှားနိုင်ငံသားတစ်ဦးအား အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သည့် နောက်ဆုံးဖြစ်စဉ်ကို ထိုင်းနိုင်ငံဆိုင်ရာ ရုရှားသံရုံးက အသိပေးအပ်ပါသည်” ဟု သံရုံး၏ Telegram channel တွင် ဖော်ပြထားသည်။

သံရုံး၏ အဆိုအရ မြန်မာနိုင်ငံတွင် ရုရှားနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများကို ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရမည်ဟု အကြောင်းပြကာ စည်းရုံးသိမ်းသွင်းသည့် ရာဇဝတ်ဂိုဏ်းတစ်ခု လှုပ်ရှားနေကြောင်း သိရသည်။ အချို့သော ရုရှားနိုင်ငံသားများသည် “အွန်လိုင်းအင်တာဗျူး” ဖြေဆိုပြီးနောက် ဘန်ကောက်မြို့သို့ ဖိတ်ခေါ်ခံရပြီး ထိုမှတစ်ဆင့် တရားဝင် နယ်စပ်ဂိတ်များကို ရှောင်ကွင်းကာ မြန်မာနိုင်ငံသို့ တရားမဝင် ပို့ဆောင်ခြင်းခံခဲ့ရကြောင်း ရှင်းလင်းထားသည်။
လွတ်မြောက်လာသည့် ရုရှားအမျိုးသမီးမှာ မြန်မာနိုင်ငံသို့ အဓမ္မခေါ်ဆောင်ခံရခြင်းဖြစ်ပြီး တရားမဝင် Call Center တစ်ခုတွင် တရားမဝင် လုပ်ငန်းများလုပ်ကိုင်ရန် ခိုင်းစေခံခဲ့ရကြောင်း သံတမန်ရေးရာအဖွဲ့က အလေးပေး ပြောကြားခဲ့သည်။ အဆိုပါအမျိုးသမီးသည် ကနဦးက “အလုပ်ရှင်” တစ်ဦး၏ ဖိတ်ခေါ်မှုဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်ဟုလည်း ထပ်လောင်း ပြောကြားခဲ့သည်။
သူမသည် လက်ရှိတွင် မြဝတီမြို့ ရှိ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ရှိနေသည်ဟုလည်း ထုတ်ပြန်ချက်ကရေးသားခဲ့သော်လည်း ယမန်နေ့တွင်ပင် အဆိုပါရုရှားနိုင်ငံသူကို ထိုင်းနိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း မြန်မာအာဏာပိုင်များက သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းကလည်း မြန်မာနိုင်ငံတွင် ပိတ်မိနေသည့် ရုရှားနိုင်ငံသားတစ်ဦးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံရှိ ရုရှားသံရုံးက ထုတ်ပြန်ခဲ့ဖူးသည်။ ၎င်းမတိုင်မီကလည်း မြန်မာနိုင်ငံရှိ ငွေလိမ် Call Center များတွင် အဓမ္မခိုင်းစေရန်အတွက် ရုရှားနိုင်ငံသားသုံးဦး ပြန်ပေးဆွဲခံခဲ့ရကြောင်း ရုရှားသံရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova ကလည်း ပြန်ပေးဆွဲခံထားရသည့် ရုရှားနိုင်ငံသားများကို မြန်မာနိုင်ငံမှ ပြန်လည်ခေါ်ဆောင်နိုင်ရန် သံတမန်များက လိုအပ်သမျှကို အစွမ်းကုန် ကြိုးစားဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ Maria ၏ အဆိုအရ ရုရှားသံတမန်များသည် မြန်မာ့လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ထိုကဲ့သို့သော စင်တာတစ်ခုမှ ရုရှားနိုင်ငံသူတစ်ဦးကိုလည်း ကယ်တင်နိုင်ခဲ့ပြီး မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။
Ref : IZ. Ru
