သက်တံ့
၄. ၂. ၂၀၂၆
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၏ ပထမ ၁၁ လအတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် ကျားဖြန့်ငွေလိမ်ဂိုဏ်းဝင် (Telecom fraud) ပေါင်း ၁၁,၀၀၀ ကျော်ကို တရားစွဲဆိုခဲ့ကြောင်း တရုတ်နိုင်ငံ၏ ပြည်သူ့အမြင့်ဆုံး အစိုးရရှေ့နေရုံး (Supreme People’s Procuratorate (SPP) ) က ယနေ့ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကာလအတွင်းမှာပင် တရုတ်နိုင်ငံတစ်ဝန်းရှိ အစိုးရရှေ့နေရုံးများက ငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်သည်ဟု သံသယရှိသူ ၄,၃၀၀ ကျော်ကို ဖမ်းဆီးရန် ခွင့်ပြုခဲ့ပြီး နယ်စပ်ဖြတ်ကျော် တယ်လီဖုန်းငွေလိမ်လည်မှု လုပ်ငန်းများကို ပြင်းထန်စွာ နှိမ်နင်းခဲ့ကြောင်း SPP က ဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံမြောက်ပိုင်းမှ လွှဲပြောင်းပေးလိုက်သူများ အပါအဝင် ပြီးခဲ့သည့်နှစ် ပထမ ၁၁ လအတွင်း တရုတ်နိုင်ငံတစ်ဝန်း၌ တယ်လီဖုန်းခေါ်ဆိုလိမ်လည်မှုနှင့် အွန်လိုင်းငွေလိမ်လည်မှု (Telecom fraud) ရာဇဝတ်မှုများဖြင့် တရားစွဲဆိုခံရသူ စုစုပေါင်းမှာ ၆၂,၀၀၀ ခန့် ရှိကြောင်းလည်း SPP ၏ ထုတ်ပြန်ချက်အရ သိရသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် အခြေပြုပြီး ကျားဖြန့်ငွေလိမ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သော ကိုးကန့်တရုတ် ပယ်မိသားစုဝင် ၅ ဦးနှင့် မြီမိသားစုဝင် ၁၁ ဦးကို သေဒဏ်စီရင်ခဲ့သလို တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် ရွှီလောင်ဖား (ရွှီဖားချီ) ကိုလည်း တရုတ်တရားရုံးက သေဒဏ် (နှစ်နှစ်ဆိုင်းငံ့) ပြစ်ဒဏ်ဖြင့် ဇန်နဝါရီ ၃၀ ရက်တွင် ပထမအဆင့် စီရင်ချက်ချမှတ်ခဲ့ကြောင်း သိရသည်။
Ref : China Daily




