◾️ သူပုန် ၁၉၇ ဦးကို နှိမ်နင်းချေမှုန်းခဲ့ဟု ပါကစ္စတန်အာဏာပိုင်များက ထုတ်ပြန်ခဲ့သလို သူပုန်များကလည်း လုံခြုံရေးတပ်ဖွဲ့ဝင် ၂၈၀ ကို သတ်ဖြတ်ခဲ့ဟု ချေပ
သက်တံ့
၄. ၂. ၂၀၂၆
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမြို့တစ်မြို့တွင် ခွဲထွက်ရေးသူပုန်များနှင့် သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များသည် ဒရုန်းများနှင့် ရဟတ်ယာဉ်များကို အသုံးပြုကာ မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် စနေနေ့ (ဇန်နဝါရီ ၃၁ ရက်) က ဘာလိုချီလွတ်မြောက်ရေးတပ်မတော် (BLA) မှ တစ်ပြိုင်နက်တည်း စတင်ခဲ့သည့် တိုက်ခိုက်မှုလှိုင်းများကြောင့် ပါကစ္စတန်၏ အကြီးဆုံးပြည်နယ်ဖြစ်သော ဘာလိုချီစတန်၏မြို့အချို့မှာ လုပ်ငန်းဆောင်တာများ ရပ်တန့်လုနီးပါး ဖြစ်ခဲ့ရသည်။


လုံခြုံရေးတပ်ဖွဲ့များသည် နေရာပေါင်း တစ်ဒါဇင်ကျော်တွင် သူပုန်များနှင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး စစ်သွေးကြွ ၁၉၇ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း သိရသည်။
ထိုဒေသတွင် အင်အားအကောင်းဆုံး သူပုန်အဖွဲ့ဖြစ်သည့် BLA အဖွဲ့ဝင်များသည် ၎င်းတို့၏ အကြီးမားဆုံးသော စစ်ဆင်ရေးတစ်ခုအဖြစ် ဘာလိုချီစတန်တစ်ဝန်းမြို့များရှိ စာသင်ကျောင်းများ၊ ဘဏ်များ၊ ဈေးများနှင့် လုံခြုံရေးအဆောက်အအုံများကို စီးနင်းတိုက်ခိုက်ခဲ့ရာ လုံခြုံရေးအရာရှိ ၂၂ ဦးထက်မနည်းနှင့် အရပ်သား ၃၆ ဦး သေဆုံးခဲ့သည်။ လူဦးရေ ၅ သောင်းခန့် နေထိုင်သော သဲကန္တာရမြို့လေးဖြစ်သည့် နပ်ရှ်ကီ (Nushki) တွင် သူပုန်များသည် ရဲစခန်းနှင့် အခြားလုံခြုံရေး အဆောက်အအုံများကို သိမ်းပိုက်ခဲ့ကြပြီး သုံးရက်ကြာ အပြန်အလှန် ပိတ်ဆို့ထားသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။
တနင်္လာနေ့နှောင်းပိုင်းတွင် မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခြင်းမရှိမီ တိုက်ပွဲအတွင်း ရဲအရာရှိ ၇ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ပြည်နယ်အတွင်းရှိ အခြားနေရာများတွင်လည်း BLAအဖွဲ့ကို ဆက်လက်နှိမ်နင်းနေဆဲဖြစ်သည်။
“နပ်ရှ်ကီမြို့ကို စစ်ကူတွေ ထပ်ပို့ထားပါတယ်၊ စစ်သွေးကြွတွေကို နှိမ်နင်းဖို့ ရဟတ်ယာဉ်တွေနဲ့ ဒရုန်းတွေကို အသုံးပြုခဲ့ရပါတယ်” ဟု လုံခြုံရေးအရာရှိတစ်ဦးက ပြောသည်။
ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးဌာနကမူ ရိုက်တာသတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်းမရှိသေးပေ။
ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံးနှင့် အဆင်းရဲဆုံးဖြစ်သော်လည်း သယံဇာတကြွယ်ဝသော ဘာလိုချီစတန်ပြည်နယ်သည် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများဖြစ်သော ဂွါဒါ (Gwadar) ရေနက်ဆိပ်ကမ်းနှင့် အခြားစီမံကိန်းများ တည်ရှိရာ ဒေသဖြစ်သည်။ BLA အဖွဲ့ကမူ ၎င်းတို့၏ “Herof” (မုန်တိုင်းနက်) စစ်ဆင်ရေးအတွင်း စစ်သား ၂၈၀ ဦးကို သတ်ဖြတ်နိုင်ခဲ့သည်ဟု အင်္ဂါနေ့တွင် ကြေညာခဲ့သော်လည်း အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိပေ။
Ref : Reuters


