◾ မြန်မာနိုင်ငံအတွင်း အမေရိကန်စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ထူထောင်ဖို့ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ အဓိကဟုသုံးသပ်ကြ
၆.၁.၂၀၂၆.
Translated by Htwe Ko Tun
အရှေ့တောင်အာရှဒေသတွင်း မြန်မာနိုင်ငံနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ပွင့်လင်းမြင်သာမှုကို အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ရဲ့အစိုးရက စတင်ပြသလာနေချိန်မှာပဲ မြန်မာနိုင်ငံမှာလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းကစလို့ အဆင့်သုံးဆင့်ပါဝင်တဲ့ အမျိုးသားရွေးကောက်ပွဲကို စတင်လျက်ရှိနေတာကို တွေ့ရှိနေရပါတယ်။
မဲပေးမှုရဲ့ ပထမအဆင့်ကို ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ခဲ့တာပါ။ နောက်ထပ်အကျော့တွေကိုတော့ ဇန်နဝါရီ ၁၁ ရက်နဲ့ ဇန်နဝါရီလ ၂၅ ရက်တို့မှာ ကျင်းပမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲတာဝန်ရှိသူတွေက ရွေးကောက်ပွဲ ပထမအဆင့်မှာ စုစုပေါင်းမဲပေးပိုင်ခွင့်ရှိသူတွေရဲ့ ၅၂ ရာခိုင်နှုန်း လာရောက်မဲပေးခဲ့ကြတယ်လို့ ပြောကြားခဲ့ကြပါတယ်။
ရွေးကောက်ပွဲမှာ နိုင်ငံတကာစောင့်ကြည့်သူ ၁၃၉ ဦးကလည်း ပထမအကျော့မဲပေးမှုကို စောင့်ကြည့်ခဲ့ကြပါတယ်။ကမ္ဘောဒီးယားရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ယစ်ခ်ဆာမီသီက မဲရုံတွေက စနစ်တကျရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဆာမီသီက “မဲရုံတွေရဲ့ ပြင်ဆင်မှုနဲ့ လုပ်ဆောင်မှုတွေ အလွန်ကောင်းမွန်စွာ စီစဉ်ထားပြီး ပြည့်စုံကာ ငြိမ်းချမ်းတယ်လို့ ကျွန်တော် သတိပြုမိပါတယ်” လို့ပြောခဲ့တယ်ဆိုတာ Global New Light of Myanmar သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ သူက “မဲဆန္ဒရှင်တွေဟာ ပြင်ပဝင်ရောက်စွက်ဖက်မှု၊ တားဆီးမှု၊ ဖျက်ဆီးမှု ဒါမှမဟုတ် ခြိမ်းခြောက်မှုမရှိဘဲ သူတို့ရဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကိုကျင့်သုံးလို့ ရွေးကောက်ပွဲမှာ စနစ်တကျပါဝင်နိုင်ခဲ့ကြတယ်” လို့လည်း ပြောခဲ့ပါသေးတယ်။
မြန်မာ့တပ်မတော် အစိုးရကလည်း နှစ်ပေါင်းများစွာ ပြည်တွင်းပဋိပက္ခတွေ ဖြစ်ပွားပြီးနောက်မှာ ဒီရွေးကောက်ပွဲက နိုင်ငံအတွင်း အေးချမ်း တည်ငြိမ်မှုကို ပြန်လည်ရရှိစေလိမ့်မယ်လို့ မျှော်လင့်နေပါလိမ့်မယ်။
မြန်မာနဲ့ အမေရိကန်နှစ်နိုင်ငံအကြား သိသာမြင်သာတဲ့ ဆက်ဆံရေးတိုးတက်မှုကတော့ သမ္မတထရမ့်ပ်ရဲ့ အစိုးရဟာ အရင်အစိုးရတွေ အသုံးပြုခဲ့တဲ့ မြန်မာနိုင်ငံအပေါ် လူသိရှင်ကြား ရှုတ်ချမှုတွေကို ရှောင်ရှားခဲ့တာပါပဲ။
မြန်မာနိုင်ငံအတွင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ တိုးတက်လာနေမှုကို ကိုးကားပြီး လွန်ခဲ့တဲ့ နိုဝင်ဘာလမှာထဲက အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေအတွက် ယာယီကာကွယ်စောင့်ရှောက်ရေးအဆင့်အတန်းကို အမိမြေလုံခြုံရေးဝန်ကြီးဌာနက ရပ်ဆိုင်းခဲ့ပါတယ်။
၂၀၂၅ ခုနှစ် အစောပိုင်းတုံးကလည်း နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက အမေရိကန်အရာရှိတွေကို “ရွေးကောက်ပွဲလုပ်ငန်းစဉ်ရဲ့ တရားမျှတမှု ဒါမှမဟုတ် ဖြောင့်မတ်မှု၊ ရွေးကောက်ပွဲရဲ့ တရားဝင်မှု ဒါမှမဟုတ် သက်ဆိုင်ရာနိုင်ငံရဲ့ ဒီမိုကရေစီတန်ဖိုးတွေအပေါ် ထင်မြင်ယူဆချက်ကို ရှောင်ကြဉ်ကြဖို့ ညွှန်ကြားထားခဲ့တာပါ။

ရွေးကောက်ပွဲကာလအတွင်း မြန်မာအစိုးရက ဗြိတိန်လက်အောက်မှလွတ်မြောက်ပြီး နိုင်ငံ လွတ်လပ်ရေးရမှုရဲ့ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၆,၁၀၀ ကျော်ကို လွှတ်ပေးခဲ့ကာ အခြားသူတွေကိုလည်း ပြစ်ဒဏ်တွေ လျှော့ပေါ့ပေးခဲ့ပါတယ်။
အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် မစ်ချ် မက်ကော်နယ်လ် (R-Ky.) ကတော့ မြန်မာနိုင်ငံ ရွေးကောက်ပွဲကို အတုအယောင်သာဖြစ်တယ်လို့ ဝေဖန်ရေးသားခဲ့ပါတယ်။ သူက “ကျွန်ုပ်တို့ဟာ မြန်မာနိုင်ငံသားများနဲ့အတူ ရပ်တည်သင့်ပြီး တရုတ်နိုင်ငံ ကျောထောက်နောက်ခံပြုထားတဲ့ စစ်အစိုးရကို ဆန့်ကျင်သင့်တယ်။” လို့ ဆိုခဲ့ပါတယ်။
ဒါပေမယ့် သမ္မတ ထရမ့်ပ်ရဲ့အစိုးရကတော့ မြန်မာနိုင်ငံနဲ့အစိုးရအပေါ် ယုံကြည်မှုကို ဖော်ပြတဲ့ လုပ်ဆောင်ချက်တွေကို ဆက်လက်လုပ်ဆောင်ခဲ့တာပါ။
၂၀၂၅ ခုနှစ် ဇူလိုင်လမှာ သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ဟာသွင်းကုန်စည်းကြပ်မှု အခွန်တွေ ပြဋ္ဌာန်းပြီးနောက် မြန်မာခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စာတွေအပြန်အလှန် ဖလှယ်ခဲ့ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း နောက်ပိုင်းမှာ မြန်မာနိုင်ငံသား လေးဦးနဲ့ သူတို့ရဲ့ ကုမ္ပဏီတွေကို အမေရိကန်အစိုးရရဲ့ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးရဲ့ ပိတ်ဆို့မှုစာရင်းကနေ ဖယ်ရှားပေးခဲ့ပါတယ်။
အမေရိကန်အရာရှိတွေကလည်း ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်မှုအပိုင်းအပေါ် လူသိရှင်ကြား ဝေဖန်တာကိုလည်း လုံးဝမပြုလုပ်ဘဲ ရှောင်ကြဉ်ခဲ့ကြပါတယ်။
အစိုးရဆန့်ကျင်ရေးအဖွဲ့တွေက ကျင်းပနေတဲ့ ရွေးကောက်ပွဲကို နှောင့်ယှက်ဖို့ ကြိုးစားနေလို့ မြန်မာနိုင်ငံ ရဲ့အချို့ဒေသတွေမှာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲဆိုတာ တွေ့ရပါတယ်။ ဒါပေမယ့် ဒေသ ဆိုင်ရာ အရာရှိတွေက ရွေးကောက်ပွဲအပေါ်သတိထားသော အကောင်းမြင်မှုကို ဖော်ပြခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ Naresuan Force က မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲက ရေရှည်မှာ နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်နိုင်သည် လို့ ပြောခဲ့တယ်ဆိုတာ The Nation Thailand သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ထရမ့်အစိုးရဟာ စွမ်းအင်နဲ့ သတ္တုတွေအပါအဝင် သဘာဝအရင်းအမြစ်တွေကို ရယူသုံးစွဲဖို့ ဦးစားပေးနေချိန်မှာပဲ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ရှားပါးသတ္တုများစွာ ရှိနေတဲ့မြန်မာနိုင်ငံမှာလည်း ခုလို ပြောင်းလဲမှုတစ်ရပ်အနေနဲ့ ရွေးကောက်ပွဲ ကျင်းပလာတာပါ။ လက်ရှိမှာတော့မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံက မြန်မာ့ကမ်းရိုးတန်းနဲ့ ယူနန်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ အဓိက ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို လည်ပတ်လျက်ရှိတာပါ။
သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်က အမိန့်အမှတ် ၁၄၀၁၄ အရ ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ချမှတ်ပြီးနောက် အမေရိကန်ကုမ္ပဏီအများစုဟာ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ကြရတာပါ။ ဒီအမိန့်ကို ထပ်မံသက်တမ်းမတိုးရင်တော့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ သက်တမ်းကုန်ဆုံးမှာပါ။
ထရမ့်ပ်ရဲ့ အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ရင်းနှီးတဲ့ဆက်ဆံမှုတွေ ပြန်လည်ထူထောင်လိုတဲ့ အရိပ်လက္ခဏာတွေပြနေချိန်မှာ မြန်မာနိုင်ငံအပေါ်ပိတ်ဆို့မှုတွေဆက်လက်မထားဘဲ ဖြေလျှော့ပေးမှသာ အမေရိကန်စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ထူထောင်ဖို့နဲ့ မြန်မာနိုင်ငံအတွင်း တရုတ်ရဲ့လွှမ်းမိုးမှုကို ထိန်းချုပ်ရန် အဓိကခြေလှမ်းတစ်ရပ်အဖြစ် ဆောင်ရွက်ရာရောက်လိမ့်မယ်လို့ လေ့လာသုံးသပ်သူတွေက ပြောကြားခဲ့ကြပါတယ်။
Ref : The Center Square
