◾️ ကုန်စည်နှင့်လူများ ဝင်ထွက်သွားလာရေး ပိုမိုအဆင်ပြေစေရန် ကျိုင်းလပ်-စီအင်ကောက်တံတားကို အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ဂိတ်အဖြစ် အဆင့်မြှင့်တင်သွားနိုင်ရေး လာအိုသံအမတ်နှင့်ပါ ဆွေးနွေး
၆. ၁. ၂၀၂၆
Written by Nyein Kyaw
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ရန်ကုန်မြို့အခြေစိုက် တရုတ်သံရုံးမှ သံအမတ်ကြီး H.E. Ms. Ma Jia ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်နိုင်ရေးအတွက် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်သွားနိုင်ရေး၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့်ကုန်ပစ္စည်းများ၏ အရည်အသွေး စံချိန်စံနှုန်း ပြည့်မီစေရေးအတွက် လိုအပ်သည့်စက်ကိရိယာနှင့် နည်းပညာဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရေး၊ တရုတ်နိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ရန် ခွင့်ပြုထားသည့် အမယ်များ ပိုမိုတိုးမြှင့် ရရှိနိုင်ရေးတို့ ဆွေးနွေးခဲ့သည်။
ထို့နောက် နှစ်နိုင်ငံနယ်စပ်နေပြည်သူများ အကျိုးစီးပွား ဖြစ်ထွန်းစေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များအပါအဝင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေးအတွက် ဆောင်ရွက်နိုင်မည့် အလားအလာများလည်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ရန်ကုန်မြို့အခြေစိုက် လာအိုသံရုံးမှ သံအမတ်ကြီး H.E. Mr. Bounphieng CHANTHAVONG အား ယမန်နေ့ ညနေပိုင်းတွင် တွေ့ဆုံ၍ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများ အပါအဝင် အဓိကပို့ကုန်များအား လာအိုနိုင်ငံသို့ ပိုမိုတင်ပို့နိုင်ရေးဆွေးနွေးခဲ့သည်။
ယင်းနောက် ကျိုင်းလပ်-စီအင်ကောက်တံတားမှတစ်ဆင့် ကုန်စည်နှင့် လူများဝင်ထွက် သွားလာရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် အပြည်ပြည်ဆိုင်ရာဝင်/ထွက် ဂိတ်အဖြစ် အဆင့်မြှင့်တင်သွားနိုင်ရေးနှင့် ဝမ်ပုံ-ဘန်မောင်းမန်နယ်စပ်ဂိတ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နှစ်နိုင်ငံအကြား ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားရမည့် ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။
