နေမိုး
၆. ၁. ၂၀၂၆
NUG ဩဇာခံ PDF အဖွဲ့ဖြစ်သော မြိုင် PDF အဖွဲ့မှ PDF တစ်ဦးက ဗဟင်းကျေးရွာပအဖတာဝန်ခံကို သတ်ပြီး အခြား PDF လေးဦးက မူးယစ်ဆေးဝါးဖြန့်ဖြူးသုံးစွဲသည်မှာ မှန်ကန်သည်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ဝန်ခံလာသည်။
လူမှုကွန်ရက်ပေါ်တွင် မြိုင် PDF များက PDF အချင်းချင်းလူသတ်မှုကျုးလွန်ကြောင်းနှင့် မူးယစ်ဆေးများ ဖြန့်ဖြူးရောင်းချနေကြောင်း လူမှုကွန်ရက်တွင် ပေါ်ထွက်လာမှ မြိုင် PDF က စာထုတ် ဝန်ခံလာခြင်းဖြစ်ပြီး ထိုဝန်ခံချက်တွင် “မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ဂျက်ကြီးသည် ရှေ့တန်းစစ်ကြောင်းမှ မိမိရဲဘော်များထိခိုက်၍ ပြန်လည်ပို့ဆောင်စဉ် (၂၃.၁၁.၂၀၂၅) ရက်နေ့၌ ၎င်း၏သူငယ်ချင်း ရဲဘော်များနှင့် ပဋိပက္ခ ဖြစ်ထားသော ဗဟင်းကျေးရွာ ပ.အ.ဖ တာဝန်ခံ ဦးလှအောင်အား ဖမ်းဆီးရရှိသည့် ရန်သူနှင့်မှားယွင်းစွာ စိတ်လိုက်မာန်ပါ ကိုယ်ထိလက်ရောက်ကျူးလွန်ရင်း သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။ ထိုသို့ဖြစ်ပွားခဲ့သည့်ပြစ်မှုကို တာဝန်ယူ/တာဝန်ခံမှု အပြည့်ရှိစွာဖြင့် ပြစ်မှုကျူးလွန်သူ တရားခံ ဂျက်ကြီအား မြိုင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ထံသို့ အပ်နှံထားရှိပြီးဖြစ်ပါသည်။ ဆက်လက်တရားစီရင်ရေးကိစ္စများကို မိမိတို့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဝင်ရောက်နှောက်ယှက်ခြင်း မရှိကြောင်းကိုလည်း မိဘပြည်သူများကို လေးစားစွာ တင်ပြအပ်ပါသည်။ တရားခံ လွှဲပြောင်း/လက်ခံစာဖြင့် သိရှိနိုင်ရန် ပူးတွဲဖော်ပြအပ်ပါသည်”ဟု ဝန်ခံထားသည်။





သို့သော် မြိုင် PDF လေးဦးက မူးယစ်ဆေးဝါးများဖြန့်ဖြူးရောင်းချသည်ကိုမူ ဘိန်းမည်းများ ပိဿာချီသယ်လာသည့်ကြားမှ သုံးစွဲရန်ဟုကာ လိမ်လည်ဖော်ပြထားသည်ကိုလည်း တွေ့ရပြီး အဆိုပါ လိမ်လည်မှုကို “(၁၆.၁၀.၂၀၂၅) ရက်နေ့တွင် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၄) ဦးသည် ၎င်းတို့သုံးစွဲရန် ယူဆောင်လာသော မူးယစ်ဆေးဝါးများ (ဘိန်းမဲ (၂)ပိဿာခွဲ၊ ကိုကင်း (၁၅၅)ဂရမ်၊ ဟက်ပီးဆေးအထုပ် (၂၀)) နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် တစ်နေရာတွင် ယင်းမာပင်ခရိုင်စစ်ဌာနမှ ဖမ်းဆီးခဲ့ပါသည်။ ၎င်းတပ်ဖွဲ့ဝင် (၄) ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အနီးကပ်အချုပ်ထောင်ဖြင့် ဥပဒေနှင့်အညီ ဖမ်းဆီးချုပ်နှောင်စစ်ဆေးလျှက်ရှိပြီး မိမိတို့မှ လိုအပ်သလို ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။”ဟု လိမ်လည်ထားသည်ကို တွေ့ရှိရသည်။
ရေနံတွင်းများမှ နေ့စဥ်သိန်းသောင်းချီ အခွန်ရနေသည့်အပြင် KTV နှင့် ပြည့်တန်ဆာခန်းများပါ ဖွင့်လှစ်စီးပွားရှာမှုဖြင့် နာမည်ပျက်နေသော မြိုင်ပကဖအဖွဲ့သည် ယခုအချိန်တွင် မူးယစ်ဆေးဖြန့်ဖြူးရောင်းချမှုကိုပါ PDF လေးဦးကို ထိုးချလိုက်ခြင်းဖြင့် ဒုစရိုက်မှုကျူးလွန်ကာ ဝင်ငွေရှာနေမှုကိုပါ ဆက်လက် ဝန်ခံလာခြင်းဖြစ်သည်။
