၆. ၁. ၂၀၂၆
MT News Editorial
မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာ အာဏာမက်မောသူတို့၏ အတ္တမီးဟုန်းဟုန်းတောက်လောင်မှု အောက်တွင် ပြာပုံအတိ ဖြစ်ခဲ့ရသလို ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး ပဋိပက္ခဖြစ်စဉ်များသည် ယခင်ကာလများထက် ပိုမိုဆိုးရွားသော သတ်ဖြတ်လုယက် ဖျက်ဆီးမှုများကို ခါးသီးစွာ ကြုံတွေ့စေခဲ့ပေသည်။ ပြီးခဲ့သည့် ငါးနှစ်တာလုံးလုံး ပြည်သူတို့၏ ငိုညည်းသံများနှင့် ပြာပုံထက်က ဘ၀များသည် ယနေ့ ၂၀၂၆ ခုနှစ်၏ အစဦး၌ ကျင်းပနေသည့် အမျိုးသားအဆင့် ရွေးကောက်ပွဲမှတစ်ဆင့် အမှောင်ထုမှ ရုန်းထွက်နိုင်မည့် နောက်ဆုံးထွက်ပေါက် ဖြစ်လာခဲ့သည်။
သို့သော် တစ်ဖက်တွင်မူ အကြမ်းဖက်လမ်းစဉ်ကို စွဲကိုင်ထားသူများနှင့် စစ်လိုလားသော အစွန်းရောက်များက နိုင်ငံကို ပျက်စီးရာပျက်စီးကြောင်း ဆက်လက်တွန်းပို့နေဆဲဖြစ်သည်ကို စိတ်မသာစဖွယ် တွေ့မြင်နေရသည်။
“A stitch in time saves nine.” (အချိန်မီ ဖာထေးခြင်းက ပျက်စီးမှုများစွာကို တားဆီးနိုင်သည်) ဟူသော စကားပုံအတိုင်း ယခုကျင်းပနေသည့် ရွေးကောက်ပွဲသည် မြန်မာ့အရေးကို အချိန်မီ ကုစားနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်၏ အမေရိကန်အစိုးရက ယခုကျင်းပနေသော ရွေးကောက်ပွဲအပါအဝင် မြန်မာ့နိုင်ငံရေးတိုးတက်မှုဖြစ်စဉ်များမှတစ်ဆင့် မြန်မာနိုင်ငံအပေါ်ထားရှိသော ပိတ်ဆို့မှုများကို ဖြေလျှော့ရန်နှင့် အမေရိကန်ကုမ္ပဏီများ ပြန်လည်ဝင်ရောက် မြှုပ်နှံရန် အရိပ်အယောင်ပြနေခြင်းမှာ မြန်မာ့စီးပွားရေးအတွက် ရှားပါးလှသော ရွှေရောင်အခွင့်အလမ်းတစ်ခုပင် ဖြစ်သည်။ သို့သော် ဤအခွင့်အလမ်းကို ဖျက်ဆီးလိုနေသူများမှာ အာဏာမက်မောပြီး စစ်ပွဲကို အရသာခံနေကြသည့် စစ်လိုလားသူ သမိုင်းတရားခံများပင် ဖြစ်သည်။
စစ်လိုလားသူများသည် မိမိတို့၏ ကိုယ်ကျိုးစီးပွားနှင့် အာဏာတည်မြဲရေးအတွက် ပြည်သူ့အသက်များကို ခုတုံးလုပ်ကာ စစ်မီးကို တောက်လောင်အောင် ဆက်လက်မီးမွှေးနေကြသည်။ ၎င်းတို့၏ စိတ်ဓာတ်သည် ဖျက်ဆီးရေးကိုသာ ဦးတည်ပြီး တည်ဆောက်ရေးကို ကျောခိုင်းထားကြသည်။ ပြည်တွင်းပြည်ပတွင် စည်းစိမ်ခံနေကြသော စစ်လိုလားသူတို့၏ ကြံဆောင်မှုသည်သာ ဆက်လက်အောင်မြင်နေပါက မြန်မာပြည်သူများသည် ယခုထက်ပိုမိုဆိုးရွားသော ဘ၀ကို ဆက်လက် ရင်ဆိုင်နေရမည်မှာ မလွဲမသွေဖြစ်သည်။
သို့သော် လက်ရှိကျင်းပနေသည့် ရွေးကောက်ပွဲ အောင်မြင်စွာ ပြီးဆုံးပြီး အရပ်သားအစိုးရထံ အာဏာကို အမှန်တကယ် လွှဲပြောင်းပေးနိုင်ခဲ့ပါကမူ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများ လျှော့ချမှုနှင့်အတူ ငြိမ်းချမ်းရေးလမ်းစ ပိုမိုပီပြင်လာကာ မြန်မာနိုင်ငံသည် တစ်ဟုန်ထိုး ပြန်လည် တိုးတက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။ အမေရိကန်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုသည် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို ဟန်ချက်ညီစေမည့်အပြင် မြန်မာ့သယံဇာတများကို ကမ္ဘာ့ဈေးကွက်သို့ တရားဝင် တင်ပို့နိုင်မည့် လမ်းကြောင်းသစ်များကို ဖွင့်လှစ်ပေးနိုင်မည်ဖြစ်သည်။
“Opportunity knocks but once.” (အခွင့်အရေးဟူသည် တစ်ခါသာ လာတတ်သည်) ဆိုသကဲ့သို့ ယခုရရှိလာသည့် နိုင်ငံတကာ၏ အကောင်းမြင်မှုကို လက်လွတ်မခံသင့်ပေ။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ပထမအဆင့်တွင် မဲပေးပိုင်ခွင့်ရှိသူ ၅၂ ရာခိုင်နှုန်း လာရောက်မဲပေးခဲ့ခြင်းမှာ နိုင်ငံသားတို့၏ ဒီမိုကရေစီအခွင့်အရေးအပေါ် စိတ်ပါဝင်စားမှုကို ပြသရာရောက်ရှိခဲ့သည်။ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများကလည်း မဲပေးမှုဖြစ်စဉ်ကို စနစ်တကျရှိပြီး ငြိမ်းချမ်းသော အခြေအနေအဖြစ် အသိအမှတ်ပြုခဲ့ကြသည်။ လာမည့် ဇန်နဝါရီ ၁၁ ရက်နှင့် ၂၅ ရက်တို့တွင် ကျင်းပမည့် နောက်ဆက်တွဲ ရွေးကောက်ပွဲ အဆင့်များသည်လည်း အလားတူ အောင်မြင်မှုရရှိရန် လိုအပ်နေပေသည်။
အချုပ်အားဖြင့်ဆိုသော် ရွေးကောက်ပွဲအောင်မြင်မှု၊ စစ်မှန်သော အရပ်သားအစိုးရ တက်လာမှု၊ ငြိမ်းချမ်းရေးလမ်းစဉ်ပီပြင်လာမှုနှင့် အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှု လျှော့ချမှုတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပါသည်။ ဤလုပ်ငန်းစဉ်များ အောင်မြင်စွာ ပေါင်းစပ်သွားခဲ့လျှင် မြန်မာနိုင်ငံသည် ပဋိပက္ခဒဏ်မှ ရုန်းထွက်ပြီး ခေတ်မီတိုးတက်သော နိုင်ငံအဖြစ် ပြန်လည်ထွန်းတောက်လာမည်မှာ ဧကန်မလွဲပင် ဖြစ်ပါသဖြင့် ယခုအချိန်သည် မြန်မာနိုင်ငံသားအားလုံး တညီတညွတ်တည်းဖြင့် အနာဂတ်သစ်ကို ဖော်ဆောင်ရမည့် အချိန်ဖြစ်ပါကြောင်း MT News က လေးလေးနက်နက် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
