◾️ ရွေးကောက်ပွဲ ကျင်းပပြုလုပ်နေခြင်းသည် မြန်မာနိုင်ငံသားများအားလုံး၏ ဒီမိုကရေစီအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပါ ဆွေးနွေး






၆. ၁. ၂၀၂၆
Written by Nyein Kyaw
မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး H.E. Ms. Maria Theresa Parreno Lazaro ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့တွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား သံတမန်ဆက်ဆံမှုများ ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ကြီးမားစွာဖြစ်ပွားခဲ့ပြီး နိုင်ငံတော်၏ အာဏာကို မတရားသောနည်းဖြင့် ရယူရန်ကြိုးပမ်းခဲ့မှုကြောင့် နိုင်ငံတော်၏တာဝန်ကို မလွဲမရှောင်သာရယူခဲ့ရသည့် အခြေအနေများ ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုများနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေးနှင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေးကြိုတင် ပြင်ဆင်ဆောင်ရွက်ခဲ့မှု၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ ပထမပိုင်းအား အောင်မြင်စွာကျင်းပနိုင်ခဲ့မှုနှင့် ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် ကျန်ရှိသည့်မြို့နယ်များ၌ ရွေးကောက်ပွဲ အပိုင်း ( ၂) နှင့် အပိုင်း (၃) ကို ဆက်လက်ကျင်းပ ပြုလုပ်သွားမည့်အခြေအနေများ ဆွေးနွေးခဲ့သည်။
ရွေးကောက်ပွဲအပိုင်း (၁) ကျင်းပ ပြုလုပ်ချိန်တွင် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာခဲ့မှုနှင့် ဖိလစ်ပိုင်နိုင်ငံမှလည်း ပါဝင်ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ကောင်းမွန်သည့် သုံးသပ်မှုများကို ရရှိခဲ့မှုအခြေအနေများ၊ မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲ ကျင်းပပြုလုပ်နေခြင်းသည် မြန်မာနိုင်ငံသားများအားလုံး၏ ဒီမိုကရေစီအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်ပေးသည့် အခြေအနေများ ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍနှင့် ကုန်သွယ်မှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင် ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
