၂၉. ၇. ၂၀၂၅
Translated by Thettant
ယနေ့ ဇူလိုင် ၂၉ ရက်နေ့ နံနက်ပိုင်းတွင် အယုဒ္ဓယပြည်နယ် ရဲတပ်ဖွဲ့သည် အာရှအဝေးပြေးလမ်းမကြီးပေါ်တွင် မောင်းနှင်ထွက်ပြေးသော ကားတစ်စီးကို အရှိန်အဟုန်ပြင်းစွာ လိုက်လံဖမ်းဆီးပြီးနောက် အထောက်အထားမဲ့ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၃၀ ဦးကို ဖမ်းဆီးရမိခဲ့ရာမှ လူကုန်ကူးမှုတစ်ခု ပေါ်ပေါက်ခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်အမှုအခင်းအဖွဲ့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းတပ်ဖွဲ့သည် ဒေသတွင်း မှောင်ခိုလမ်းကြောင်းများကို စောင့်ကြည့်နေစဉ် ယနေ့ နံနက်ပိုင်းအချိန်တွင် သံသယဖြစ်ဖွယ် အဖြူရောင်ပစ်ကပ်ထရပ်ကားတစ်စီးကို သတိပြုမိခဲ့သည်။ ထိုကားသည် သံလှောင်အိမ်နှင့် ကတ္တရာစပြားဖြင့် ဖုံးအုပ်ထားပြီး ကုန်စိမ်းသယ်ယူပို့ဆောင်ရေးအတွက် အများအားဖြင့် အသုံးပြုသော ကားမျိုးဖြစ်ကာ မတည်မငြိမ် မောင်းနှင်နေသည်ကို တွေ့ရှိခဲ့ရသည်။
တက်ခ်ပြည်နယ် နံပါတ်ပြားတပ်ထားသော အဆိုပါထရပ်ကားသည် အန္တရာယ်ဖြစ်စေလောက်အောင် လူးလိမ့်မောင်းနှင်နေပြီး ဝန်ပိုနေသည်ဟု ယူဆရသည်။ မဟာရတ်ခရိုင်ရှိ ကီလိုမီတာ ၄၅-၄၆ အမှတ်အသားအနီးတွင် တာဝန်ရှိသူများက ကားကို ရပ်တန့်ရန် ကြိုးစားသောအခါ ယာဉ်မောင်းက ထွက်ပြေးရန် အရှိန်မြှင့်တင်ခဲ့သည်။ ထို့ကြောင့် လိုက်လံဖမ်းဆီးမှု ဖြစ်ပွားခဲ့ပြီး ထွက်ပြေးယာဉ်သည် ရဲကားတစ်စီးနှင့် တိုက်မိပြီးမှ ရပ်တန့်သွားခဲ့သည်။
စစ်ဆေးကြည့်ရာတွင် ထရပ်ကား၏ နောက်ဘက်အား ဖုံးကွယ်ထားသော နှစ်ဆင့်အခန်းအဖြစ် ပြုပြင်ထားပြီး ဓာတ်မြေဩဇာအိတ်များနှင့် ကောက်ရိုးများဖြင့် စီတန်းထားသည်ကို တွေ့ရှိခဲ့ရသည်။ အတွင်းပိုင်းတွင် အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၁၀ ဦးပါဝင်သော မြန်မာနိုင်ငံသား ၃၀ ဦးကို ကျပ်ကျပ်တည်းတည်း ထည့်သွင်းထားသည်ကို တွေ့ရှိခဲ့ရသည်။ ၎င်းတို့သည် တစ်ဦးတစ်ယောက်မျှ နိုင်ငံကူးလက်မှတ် သို့မဟုတ် တရားဝင်စာရွက်စာတမ်းများ တင်ပြနိုင်ခြင်း မရှိခဲ့ချေ။
ယာဉ်မောင်းဖြစ်သူမှာ အသက် ၄၅ နှစ်အရွယ် ကရိန်ဆတ်အာဖိုင်းနှင့် ခရီးသည်အဖြစ် လမ်းကြုံလိုက်လာသော အသက် ၃၁ နှစ်အရွယ် ဘွန်းချွေး အင်သီအွန်တို့ကို ချက်ချင်းဖမ်းဆီးခဲ့သည်။ ကရိန်ဆတ်က ၎င်း၏ မိခင်ဖြစ်သူအတွက် တစ်ချိန်က ဆေးကုသစရိတ်ပေးခဲ့ဖူးသော အလုပ်ရှင်ဟောင်းတစ်ဦးက သူ့အပေါ် ကျေးဇူးဆပ်သည့်အနေဖြင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ မြန်မာများကို အယုဒ္ဓယသို့ ပို့ဆောင်ပေးရန် တောင်းဆိုခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း သတင်းရရှိသည်။ ဘွန်းချွေးသည် ထိုအလုပ်ရှင်၏ မိတ်ဆွေတစ်ဦးဖြစ်ပြီး ကရိန်ဆတ်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါခဲ့ခြင်းဖြစ်သည်။
နောက်ကြောင်းစစ်ဆေးမှုအရ ကရိန်ဆတ်သည် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား မှောင်ခိုပို့ဆောင်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရဖူးပြီး ထောင်က ပြန်လွတ်ခဲ့သည်မှာ လေးလခန့်သာ ရှိသေးကြောင်း တွေ့ရှိရသည်။ စကားပြန်မှတစ်ဆင့် ပြောကြားခဲ့သော ရွှေ့ပြောင်းနေထိုင်သူမြန်မာနိုင်ငံသားများ၏ ပြောကြားချက်အရ ၎င်းတို့သည် တက်ခ်ပြည်နယ်၊ မဲဆောက်မြို့သို့ မှောင်ခိုလမ်းကြောင်းများမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံတွင် အလုပ်ရှာဖွေရန် မျှော်လင့်ချက်အတွက် တစ်ဦးလျှင် ဘတ် ၁၂,၀၀၀ မှ ဘတ် ၁၈,၀၀၀ (အမေရိကန်ဒေါ်လာ ၃၇၀ မှ ၅၅၅) အထိ ပေးဆောင်ခဲ့ရကြောင်း KhaoSod က ဖော်ပြခဲ့သည်။
လက်ရှိတွင် ကရိန်ဆတ်နှင့် ဘွန်းချွေးတို့အား တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ဖမ်းဆီးခြင်းမှ ကူညီဖုံးကွယ်ထားမှု သို့မဟုတ် ကူညီဆောင်ရွက်ပေးမှုဖြင့် စွဲချက်တင်ထားပြီး ရွှေ့ပြောင်းနေထိုင်သူ ၃၀ ဦးအား တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် စွဲချက်တင်ထားသည်။ သံသယရှိသူအားလုံးနှင့် သက်သေခံပစ္စည်းများကို လိုအပ်သည့်ဥပဒေရေးရာ စစ်ဆေးဆောင်ရွက်မှုများအတွက် မဟာရတ် ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
Ref., The Thaiger




