၂၅.၁၁.၂၀၂၆
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆူပူအုံကြွမှုများကြောင့် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၅ ရက်က အိန္ဒိယနိုင်ငံသို့ ထွက်ပြေးကာ နှစ်နှစ်ကြာ ပြည်ပရောက်ဘဝဖြင့် နေထိုင်ခဲ့ရသော ရာထူးမှ ဖယ်ရှားခံလိုက်ရသည့် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက လာမည့် ဒီဇင်ဘာ ၁၆ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လာမည်ဟု သတ်မှတ်ပြောကြားလိုက်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် နှစ်နစ်ကြာ ပြည်ပရောက်ဘဝဖြင့် နေထိုင်ခဲ့ပြီးနောက် ရာထူးမှ ဖယ်ရှားခံလိုက်ရသည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာသည် ဒီဇင်ဘာ ၁၆ ရက်တွင် ၎င်း၏ နိုင်ငံသို့ ပြန်လာရန် စီစဉ်နေကြောင်း သူမ၏ ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာလ ၂၄ ရက်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟူမေအန် ကိုဘား ကမူ “ဟာစီနာဟာ ပြစ်မှုထင်ရှား စီရင်ခံထားရသူတစ်ဦး၊ ထွက်ပြေးတိမ်းရှောင်နေတဲ့ အကြမ်းဖက်သမားတစ်ဦး ဖြစ်ပါတယ်၊ သူမအနေနဲ့ တရားခံလွှဲပြောင်းပေးရေး သဘောတူညီချက်အရသာ ပြန်လာနိုင်မှာဖြစ်ပြီး ပြန်လာတဲ့အခါမှာလည်း လက်ထိပ်ခတ်ခံထားရကာ တင်းကျပ်တဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေရပါလိမ့်မယ်” ဟု Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် အစိုးရက သူမအနေဖြင့် ‘တရားခံလွှဲပြောင်းပေးရေး’ အစီအစဉ်ကသာ အိမ်နီးချင်းနိုင်ငံမှ ပြန်လာနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ဆိုထားသည်။
သို့သော် ဟာစီနာကမူ လက်ရှိ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ်ရာမန် အနေဖြင့် သူမ ပြန်လာနိုင်ရေးအတွက် နိုင်ငံပိုင်လေကြောင်းလိုင်းမှတစ်ဆင့် စီစဉ်ပေးရန် တိုက်တွန်းတောင်းဆိုထားသည်။
“၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့က ရှိတ်ဟာစီနာကို ဘင်္ဂလားဒေ့ရှ် လေယာဉ်တစ်စင်းနဲ့ အိန္ဒိယနိုင်ငံကို ပို့ဆောင်ခဲ့တဲ့အတွက် အခုအခါ သူမ ဒေလီမြို့မှ ဒက်ကာမြို့သို့ ပြန်လာနိုင်ဖို့ လေကြောင်းခရီးစဉ် စီစဉ်ပေးဖို့ အစိုးရကို တောင်းဆိုလိုက်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ ဆီအက် မိုဇမ်မယ်လ် အလီက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။
“ရှိတ်ဟာစီနာကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်ပြီး ပြည်ပကို ထွက်ခွာစေခဲ့ပြီးဖြစ်လို့ ဒီဇင်ဘာလ ၁၆ ရက် အောင်ပွဲနေ့မှာ သူမ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးဖို့ အစိုးရရဲ့ တာဝန်ပဲ ဖြစ်တယ်” ဟု ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၁၆ ရက်သည် ၁၉၇၁ ခုနှစ်က ပါကစ္စတန်နိုင်ငံနှင့် ဖြစ်ပွားခဲ့သော ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေးစစ်ပွဲ ပြီးဆုံးခဲ့သည့် နှစ်ပတ်လည်နေ့လည်း ဖြစ်သည်။
ရှိတ်ဟာစီနာအနေဖြင့် နိုင်ငံသို့ပြန်လာပါက လူရာပေါင်းများစွာ သေဆုံးခဲ့ရသည့် ရက်စက်ကြမ်းကြုတ်သော နှိမ်နင်းမှုတစ်ခုနှင့် ပတ်သက်၍ ၎င်းအနေနှင့် တာဝန်ရှိကြောင်းဆုံးဖြတ်ကာ ၂၀၂၅ ခုနှစ်က သူမ မျက်ကွယ်တွင် ဘင်္ဂလားဒေ့ရှ် တရားရုံးတစ်ခုက ချမှတ်ခဲ့သည့် သေဒဏ်နှင့် ရင်ဆိုင်ရဖွယ် ရှိသည်။
သို့သော် ဟာစီနာကမူ “သူတို့က ကျွန်မကို ထောင်ချကောင်းချမယ်၊ ဒါမှမဟုတ် သတ်ပစ်ကောင်း သတ်ပစ်နိုင်မယ်၊ ဘာမဆို ဖြစ်လာနိုင်တယ်၊ ဒါပေမဲ့လည်း ကျွန်မ ပြန်ကို ပြန်ရမယ်” ဟု ပြောကြားခဲ့သည်။ “ကြောက်ရွံ့မှုက ပြည်သူတွေအပေါ် ထားရှိတဲ့ ကျွန်မရဲ့ တာဝန်ဝတ္တရားကို ဆုံးဖြတ်ပေးနိုင်မှာ မဟုတ်ပါဘူး” ဟုလည်း သူမက ပြောကြားထားခဲ့သည်။
Ref: Reuters
