၄. ၆. ၂၀၂၅
Translated by Thettant
အိန္ဒိယနိုင်ငံအတွင်းရှိ အာသံနှင့် အခြားအရှေ့မြောက်ပြည်နယ်များတွင် ရေဘေးအခြေအနေသည် အင်္ဂါနေ့အထိ ဆိုးရွားနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပြီး ဆယ်ရက်တာအတွင်း ဒေသတွင်း ပြည်နယ်ခုနစ်ခုတွင် သေဆုံးသူအရေအတွက် ၄၄ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီသည် အင်္ဂါနေ့တွင် အာသံနှင့် ဆစ်ကင်းပြည်နယ်များ၏ ဝန်ကြီးချုပ်များအပြင် မဏိပူရ်ပြည်နယ် အုပ်ချုပ်ရေးမှူး အာဂျေး ကူးမား ဘာလာတို့ကို ဖုန်းခေါ်ဆို၍ အရှေ့မြောက်ပိုင်းပြည်နယ်များ၏ ရေဘေးအခြေအနေကို စုံစမ်းမေးမြန်းကာ ရေဘေးအန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းရန်အပြင် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး ကြိုးပမ်းမှုများအတွက် ဖြစ်နိုင်သမျှ အကူအညီအားလုံး ပေးအပ်ခဲ့သည်။
အရှေ့မြောက်ပိုင်းပြည်နယ်အသီးသီးမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ မေလ ၂၉ ရက်နေ့မှစ၍ လက်ရှိမိုးနှင့် ရေကြီးမှုများအတွင်း သေဆုံးသူ ၄၄ ဦးအနက် အာသံတွင် အနည်းဆုံး ၁၇ ဦး၊ အာရူနာချယ်ပရာဒက်ရှ်တွင် ၁၂ ဦး၊ မီဂါလာယာတွင် ၆ ဦး၊ မီဇိုရမ်တွင် ၅ ဦး၊ တြိပူရတွင် ၂ ဦးနှင့် နာဂလန်းနှင့် မဏိပူရ်တို့တွင် တစ်ဦးစီ သေဆုံးခဲ့ကြောင်း သိရသည်။
ဆစ်ကင်းပြည်နယ်မှလွဲ၍ အရှေ့မြောက်ပြည်နယ် ခုနစ်ခု၏ ဘေးအန္တရာယ်စီမံခန့်ခွဲရေးတာဝန်ရှိသူများက ရေနစ်သေဆုံးမှုများ၊ မြေပြိုမှုများ၊ ရေကြီးနစ်မြုပ်မှုများနှင့် အခြားဘေးအန္တရာယ်ဆိုင်ရာ မတော်တဆမှုများကြောင့် သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။
အာသံပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (ASDMA) ၏ အစီရင်ခံစာအရ အာသံပြည်နယ်တွင် ခရိုင် ၂၁ ခု၌ လူပေါင်း ၆ ဒသမ ၃၃ သိန်းကျော်သည် ရေကြီးမှုများနှင့် မိုးများကြောင့် ထိခိုက်ခဲ့ရသည်။ ASDMA အစီရင်ခံစာအရ ခရိုင် ၂၁ ခုအောက်ရှိ ကျေးရွာ ၁၅၀၆ ရွာတွင် စိုက်ပျိုးမြေ ၁၄,၇၃၉ ဟက်တာကျော် ထိခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ဘရာမာပူထရာမြစ်ကြီးနှင့် အခြားမြစ်ခြောက်သွယ်သည် အာသံရှိ နေရာများစွာတွင် အန္တရာယ်အဆင့်ကို ကျော်လွန်စီးဆင်းနေသည်။
အာရူနာချယ်ပရာဒက်ရှ်တွင်လည်း ပြည်နယ်၏ စုစုပေါင်း ၂၆ ခရိုင်အနက် ၂၃ ခရိုင်ရှိ ကျေးရွာ ၁၅၆ ရွာတွင် လူပေါင်း ၁,၀၀၀ ကျော်မှာ ရေကြီးမှုကြောင့် ထိခိုက်ခံစားနေရသည်။ ပြည်နယ်၏ ဘေးအန္တရာယ်စီမံခန့်ခွဲမှုတာဝန်ရှိသူတစ်ဦးက Lower Subansiri ခရိုင်တွင် အိမ်အမျိုးအစား ၁၇၀ ခန့် ပျက်စီးခဲ့ပြီး သိသိသာသာ ထိခိုက်ပျက်စီးမှုများရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် လမ်း ၅၀ ကျော်၊ ဓာတ်အားလိုင်း ၁၆ ခု၊ ရေပေးဝေရေးလိုင်း ၂၅ ခုနှင့် ကျောင်းနှစ်ကျောင်း ပျက်စီးခဲ့ခြင်းအပါအဝင် အခြေခံအဆောက်အအုံများစွာ ဆုံးရှုံးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီတာနာဂါမြို့တော်ဒေသ (ICR) နှင့် ပါကဲ ကက်ဆန်တို့တွင်လည်း ကျယ်ပြန့်သော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုဒေသများတွင် ICR ၏ အဓိကရေပိုက်လိုင်းနှင့် ဒါရီယာတောင်ရှိ လမ်းမကြီးကဲ့သို့သော အဓိကအခြေခံအဆောက်အအုံများ ပြင်းထန်စွာ ထိခိုက်ခဲ့သည်။
ထို့အပြင် မီဇိုရမ်တွင်လည်း လွန်ခဲ့သော ၁၀ ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့သော မြေပြိုမှုများ၊ အိမ်ပြိုကျမှုများနှင့် အခြားဘေးအန္တရာယ်များကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ပြည်နယ်၏ ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် ပြန်လည် ထူထောင်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက မြေပြိုမှုများနှင့် ရုတ်တရက်ရေကြီးမှုများကြောင့် အိမ်များနှင့် နံရံများ ပြိုကျခဲ့၍ ချမ်ဖိုင်ခရိုင်တွင် မြန်မာဒုက္ခသည် ၃ ဦး၊ အိုင်ဇောလ်နှင့် ဆာချစ်ပ်ခရိုင်တို့တွင် တစ်ဦးစီ သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
Ref , NDTV






