၄.၆.၂၀၂၅
Written by Thiri
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်းရှိ မြို့ရိုးနဲ့ ကျုံးတို့ရှိရာ ယဉ်ကျေးမှုအမွေအနှစ်တွေ တည်ရှိရာဒေသကို ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက မေလ ၂၉ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ယဉ်ကျေးမှုအမွေအနှစ်ဒေသတွေ ကာကွယ်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၉ အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးကာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာဒေသ ကျုံးရဲ့အပြင်ဘက် နယ်နိမိတ်နဲ့ မြို့ရိုးရဲ့ အတွင်းဘက် နယ်နိမိတ် ဧရိယာတွေ သတ်မှတ်ကာ ယဉ်ကျေးမှု အမွေအနှစ်များတည်ရှိရာဒေသ (Property Area)အဖြစ် ထိန်းသိမ်းသတ်မှတ်ခဲ့တာပါ။
အဲဒီဧရိယာတွေက တောင်ငူမြို့တွင်း ရပ်ကွက် ၁၊ ၂ ရပ်ကွက်၊ ၆၊ ၇ ရပ်ကွက်၊ ၈၊ ၉ ရပ်ကွက်၊ ၁၁၊ ၁၂၊ ၁၇၊ ၁၈၊ ၁၉ ရပ်ကွက်နယ်နိမိတ်ပိုင်းခြားသတ်မှတ်ထုတ်ပြန်ထားပြီး အဆိုပါ ဧရိယာအတွင်း GPS Point နဲ့ သတ်မှတ်ကာ အရှေ့ဘက် မြို့ရိုး၊ အနောက်ဘက်မြို့ရိုးနဲ့ တောင်မြောက် မြို့ရိုး အတွင်းအပြင်ဧရိယာတွေ သတ်မှတ်လိုက်တာပါ။
အဓိကထိန်းသိမ်းဖို့ ကျန်ရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေက အုတ်ရိုးတံတိုင်းတွေသာ ကျန်ရှိပြီး မြေအောက် လွန်ခဲ့တဲ့ နှစ်ငါးရာကတည်းက နစ်မြုပ်ပျောက်ကွယ်နေပြီဖြစ်တဲ့အရာတွေလို့လည်း သိရပါတယ်။
“ဒီအရာကို ဖော်ဆောင်နေတာ မနှစ်ကတည်းကပဲ။ ထုတ်ပြန်တာတော့ မေ ၂၉ ရက်စွဲနဲ့ပေမယ့် မနေ့ကမှ တရားဝင် ထုတ်တာတွေ့တယ်။ ယဉ်ကျေးမှုအမွေအနှစ်ဒေသ ဧရိယာထဲ ပါသွားတဲ့ ရပ်ကွက်တွေကတော့ အခုနေရာသတ်မှတ်တဲ့ အဆင့်ပဲရှိသေးတာပေါ့။ ဒါတွေက အခုမှ မဟုတ်ဘူး။ ၁၉၉၀ နဝတ ခေတ်ကတည်းက ဒါတွေက ဆောင်ရွက်နေတာ။ အနောက်ဘက်မြို့ရိုး၊ မြောက်ဘက်၊ တောင်ဘက်မြို့ရိုးတွေ ရှင်းပြီးသွားပြီ။ ဟိုတုန်းကတော့ ကျူးကျော်အိမ်တွေ ရှိတာပေါ့။ အဲ့ဒါတွေ အကုန်လုံး ဖယ်ထားပြီးသား။ ထိန်းသိမ်းမယ်ဆိုလည်း ပြဿနာမရှိဘူး။ ပြဿနာရှိတာက အရှေ့ဘက် မြို့ရိုး။ ကျုံးနဲ့ မြို့ရိုးနဲ့ ကြားကနေ ရထားလမ်းက သွားတယ်။ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်လောက်ကတည်းက နေထိုင်လာတဲ့ အိမ်ကြီး အိမ်ကောင်းတွေ။ စာသင်ကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၊ ရဲစခန်း ဒါတွေလည်းရှိတယ်” လို့ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အကြံပေးပညာရှင် ဒေါက်တာမြသောင်းက MT News ကို ပြောပါတယ်။
တောင်ငူမြို့ပေါ်မှာ ရပ်ကွက်ကြီး ၂၃ ရပ်ကွက်ရှိပြီး ယဉ်ကျေးမှုအမွေအနှစ် တည်ရှိရာ ဧရိယာထဲကို ရပ်ကွက်ပေါင်း ၁၁ ခု ပါဝင်နေတယ်လို့ သိရပါတယ်။ ကျုံးတွေက ထိန်းသိမ်းပြီးသားဖြစ်ပေမယ့် မြို့ရိုးတွေက ထိန်းသိမ်းဖို့ လိုအပ်နေဆဲဖြစ်ပြီး ကိုလိုနီခေတ်ကတည်းက မြို့ရိုးတံခါးတွေဖျက်ကာ အဆောက်အဦတွေဆောက်တာ၊ လမ်းတွေဖောက်တာတွေပြုလုပ်ခဲ့တဲ့အတွက် ရှေးမူမပျက် ပြန်လည်တည်ဆောက်ဖို့တော့ မလွယ်ကူတဲ့ အခြေအနေလို့လည်း ပညာရှင်က သူ့အမြင်ကို သုံးသပ်ပြောကြားပါတယ်။




