၄. ၆. ၂၀၂၅
Written by Nyein Kyaw
တက္ကသိုလ်စာမေးပွဲအောင်စာရင်းကို ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်မည်ဆိုသည်မှာ သတင်းအမှားသာဖြစ်ပြီး အောင်စာရင်းလုပ်ငန်းစဉ်များအားလုံး ဆောင်ရွက်ပြီးစီးမှသာ တရားဝင်ထုတ်ပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ အသိပေးထုတ်ပြန်ချက်တွင် “၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်မည့်ရက် မကြေညာသေးပါ။ ယခင်နှစ်များနည်းတူ အောင်စာရင်းလုပ်ငန်းစဉ်များအားလုံး ဆောင်ရွက်ပြီးစီး၍ အောင်စာရင်း ကြေညာရန်အသင့်ဖြစ်သည့်အချိန်မှသာ အောင်စာရင်း Website (www.myanmarexam.org) နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Facebook Page (www.facebook.com/dme.gov.mm) တို့မှတစ်ဆင့် တရားဝင် အချိန်မီ အသိပေးကြေညာပါမည်။ ထိုသို့ တရားဝင်မကြေညာမီ မည်သည့်ရက်ကိုမှ အတည်မပြုပါ” ဟု ဖော်ပြထားသည်။
ယခင်နှစ်က ကြေညာချက်အဟောင်းများကို ဖြတ်ညှပ်ကပ်ပြုလုပ်၍ သတင်းမှားများ ထုတ်လွှင့်နေသော Page အတုအယောင်များကို သတိပြုကြပါရန်နှင့် အောင်စာရင်းနှင့် ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သော လိမ်လည်မှုများကို သတိပြုကြပါရန် နှိုးဆော်အပ်ကြောင်းပါ အသိပေးထားသည်။
တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ဝန်ဆောင်မှုများ၊ လုပ်ငန်းများနှင့် ပတ်သက်သည့် တရားဝင်ကြေညာချက်များ၊ ထုတ်ပြန်ချက်များကို အများပြည်သူထံသို့ www.facebook.com/dme.gov.mm မှတစ်ဆင့်လည်း တင်ပြသွားမည် ဖြစ်သောကြောင့် Like & Follow ပြုလုပ်ထားနိုင်ကြောင်း အသိပေးထားသည်။
