၄. ၆. ၂၀၂၅
Written by Nay Moe
ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် အမျိုးသားခြောက်ဦးကို PDF များက တစ်နေ့တာအတွင်း သတ်ဖြတ်ရာမှ ငါးဦးအထိ သေဆုံးခဲ့ရမှု မန္တလေး၊ မကွေးနှင့် ပဲခူးတိုင်းရှိ ကျေးရွာများတွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။
ဖြစ်စဉ်များမှာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက် နံနက် ၅ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးထွန်း(ခ)ထွန်းထွန်းနိုင်(၄၉)နှစ်သည် နေအိမ်၌ရှိနေစဉ် PDF ငါးဦး (စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဇွန်လ ၂ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ လဲဇင်ကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားနှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးမိုးမင်း(၃၃)နှစ်သည် တစ်ရွာတည်းနေ ဦးခင်မောင်ထွန်း(၄၅ )နှစ်နှင့်အတူ ကျေးရွာအနီးရှိ ယာခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF ခြောက်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ဇွန်လ ၂ ရက် ညနေ ၆ နာရီ ၂၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာနေ ဦးအောင်မိုးခိုင်(၆၂)နှစ်သည် ၎င်း၏နေအိမ်မှ ချောင်းခွ(ကေ)ကျေးရွာသို့ သွားရောက်စဉ် ချောင်းခွ(ကေ)ကျေးရွာနှင့် သရက်နှစ်ဖျားလိန်ကျေးရွာကြား ကျေးရွာချင်းဆက်လမ်းပေါ်အရောက် PDF နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးအောင်မိုးခိုင်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များအပြင် ဇွန်လ ၂ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ ဖရုံလှကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာများရရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးဝင်း(၅၉) နှစ်သည် တစ်ရွာတည်းနေ မောင်နေမျိုးအောင် (၁၈)နှစ်နှင့်အတူ ကျေးရွာအရှေ့တောင်ဘက် နှစ်မိုင်ခန့်အကွာ ကံမ-ပြကြီးကားလမ်းအနီးရှိ လယ်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF သုံးဦး(စိစစ်ဆဲ)က ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးစိုးဝင်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး အဆိုပါလယ်ကွင်းအနီး နွားကျောင်းနေသည့် ဦးကျော်ဇင်ဦး (၃၀) နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများအား ကြို့ပင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းနှင့် မောင်နေမျိုးအောင်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းမရှိကြောင်း သိရကာ အဆိုပါဖြစ်စဉ်များမှ ကျူးလွန်သူများ ဖမ်းမိရေးနှင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ်များအား လုံခြုံရေးတာဝန်ရှိသူများက ဆက်လက် လုပ်ဆောင်ပေးနေကြောင်း သိရသည်။


