၄ . ၆. ၂၀၂၅
Translated by Tha Doe
ထိုင်းနိုင်ငံ အမျိုးသားဥယျာဉ်၊ သားငှက်ထိန်းသိမ်းရေးနှင့် အပင်ထိန်းသိမ်းရေးဌာနသည် ဆူရင်းကျွန်းအမျိုးသားဥယျာဉ်ရှိ သန္တာကျောက်တန်းများကို တိုက်မိပျက်စီးစေခဲ့သော မြန်မာကုန်တင်သင်္ဘောပိုင်ရှင်ထံမှ ထိခိုက်ပျက်စီးမှုအတွက် ဘတ် ၁၂ သန်း (ဒေါ်လာ ၃၆၆,၆၀၀) တောင်းခံနေသည်။
အဆိုပါဖြစ်ရပ်သည် ဇွန်လ ၁ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး “MV.AYAR LINN” အမည်ရှိ ကုန်တင်သင်္ဘောသည် မြန်မာကမ်းခြေစောင့်တပ်ဖွဲ့ အာဏာပိုင်များကို ရှောင်တိမ်းရင်း ဖန်ငါးပြည်နယ်ရှိ ဆူရင်းကျွန်းအမျိုးသားဥယျာဉ်၊ ဂျက်ခ်ပင်လယ်အော်ရှိ သန္တာကျောက်တန်းများပေါ်သို့ တိုက်မိပြီး သောင်တင်ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ အန်ဒမန်ကမ်းရိုးတန်းတွင် တည်ရှိသော ဆူရင်းကျွန်းအမျိုးသားဥယျာဉ်သည် ၎င်း၏ သဘာဝအတိုင်း သန့်ရှင်းသော သန္တာကျောက်တန်းများနှင့် ပင်လယ်ဇီဝမျိုးစုံမျိုးကွဲများကြောင့် ထင်ရှားကျော်ကြားပြီး ယခုဖြစ်ရပ်သည် ပင်လယ်ထိန်းသိမ်းရေးကြိုးပမ်းမှုများအတွက် အထူးအရေးကြီးသည့် အဖြစ်အပျက်တစ်ခုဖြစ်သည်။
◾ ကျယ်ပြန့်သော သန္တာကျောက်တန်း ပျက်စီးမှုများ မှတ်တမ်းတင်ခြင်း
ထိုင်းနိုင်ငံ အမျိုးသားဥယျာဉ်၊ သားငှက်ထိန်းသိမ်းရေးနှင့် အပင်ထိန်းသိမ်းရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် အတ်သဖွန် ခရိုအန်ချန်ဆာက ဇွန်လ ၄ ရက်နေ့တွင် ပျက်စီးဆုံးရှုံးမှု ဆန်းစစ်အကဲဖြတ်ခြင်းရလဒ်များကို ကြေညာခဲ့ရာ သန္တာဂေဟစနစ်၏ ကျယ်ပြန့်သော ပျက်စီးမှုကို ဖော်ထုတ်ခဲ့သည်။
သင်္ဘောက ဝင်တိုက်မိမှုသည် ကနဦး တိုက်မိသည့်နေရာမှ နောက်ဆုံးသောင်တင်သည့်နေရာအထိ ၇၅ မီတာ အရှည်ရှိသော ပျက်စီးမှုလမ်းကြောင်းကို ဖန်တီးခဲ့သည်။
ထို့အတူ သန္တာကျောက်တန်း စတုရန်းမီတာ ၁၅၀ ခန့် ပျက်စီးခဲ့ပြီး သန္တာမျိုးစိတ် ၆ မျိုး ထိခိုက်ခဲ့သည်။
ထိခိုက်ခဲ့သည့် သန္တာကျောက်များမှာ အပြာရောင်သန္တာ (Heliopora coerulea): စုစုပေါင်းပျက်စီးမှု၏ ၈၀ ရာခိုင်နှုန်းဖြင့် အဆိုးရွားဆုံး ထိခိုက်ခဲ့သော မျိုးစိတ်ဖြစ်ခဲ့သည်။
ထို့အပြင် သမင်ဦးချိုသန္တာ (Acropora sp.) က စုစုပေါင်းပျက်စီးမှု၏ ၁၅ ရာခိုင်နှုန်းနှင့် ကြီးမားသောသန္တာ (Porites lutea)က စုစုပေါင်းပျက်စီးမှု၏ ၅ ရာခိုင်နှုန်း ပျက်စီးခဲ့သည်။
ထို့အပြင် ဦးနှောက်သန္တာ (Platygyra daedalea) ၄ ခု ကျိုးပဲ့ကာ ပန်းဂေါ်ဖီသန္တာ (Pocillopora) ၃ ခု ပျက်စီးပြီး ကြယ်သန္တာ (Leptastrea purpurea) ၁ ခု ထိခိုက် ပျက်စီးခဲ့သည်ဟု သိရသည်။
◾ ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများ မြင့်တက်လာ
ဥယျာဉ်တာဝန်ရှိသူများသည် ကျောက်တန်းပေါ်တွင် ပြန့်ကျဲနေသော ကတ်ထူပြားများ၊ အဝတ်စုတ်များ၊ ထရပ်ကားတာယာများ၊ ရော်ဘာပိုက်များနှင့် အခြားအမှိုက်ပစ္စည်းများ အပါအဝင် ကုန်စည်အပျက်အစီးများကြောင့် အထူးစိုးရိမ်လျက်ရှိသည်။ သင်္ဘောပေါ်တွင် ဘိလပ်မြေအိတ် ၃,၀၀၀ ကျော်လည်း ပါရှိပြီး ၎င်းတို့ ပင်လယ်ထဲသို့ ကျရောက်ပါက ထပ်မံ၍ ပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များ ဖြစ်ပေါ်စေနိုင်သည်။
“သင်္ဘောဟာ မြန်မာအာဏာပိုင်တွေကို ရှောင်တိမ်းဖို့ ကြိုးစားခဲ့ပုံရပေမယ့် ကုန်စည်တွေဟာ တရားဝင်ကုန်စည်တွေဖြစ်နေတာကြောင့် အတိအကျ ဘာကြောင့်လဲဆိုတာကိုတော့ ကျွန်တော်တို့ မသိရပါဘူး” ဟု ခရိုအန်ချန်ဆာက ရှင်းပြသည်။
ထို့အပြင် “သင်္ဘောက ပျက်စီးသွားပြီး ခိုလှုံဖို့ ရှာခဲ့တာ၊ ဒါပေမယ့် ကံမကောင်းစွာနဲ့ ကျွန်တော်တို့ရဲ့ သန္တာကျောက်တန်းပေါ်မှာ သောင်တင်သွားခဲ့တာပါ”ဟု ဆက်လက်ရှင်းပြခဲ့သည်။
◾ အချက်ငါးချက်ပါ အရေးပေါ်တုံ့ပြန်မှုစီမံချက်
သန္တာကျောက်တန်းများ ကျိုးပဲအောင် သောင်တင်ခဲ့သော သင်္ဘောကို ယခု မုတ်သုံရာသီတွင် လှိုင်းလုံးကြီးများနှင့် လေပြင်းများကြောင့် ချက်ချင်းကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် မဖြစ်နိုင်သောကြောင့် ဥယျာဉ်အာဏာပိုင်များက ဘက်စုံငါးချက်ပါ အရေးပေါ်စီမံခန့်ခွဲမှုအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့သည်။
အဆိုပါ အချက်များမှာ ရေနံယိုဖိတ်မှု ကာကွယ်ခြင်းလုပ်ငန်းစဥ်အဖြစ် ရေငုပ်သမားအဖွဲ့များသည် လောင်စာဆီဘားများကို ပိတ်ဆို့ရန်ခိုင်းစေခဲ့သည်။ ထို့အတူ တစ်ချိန်တည်းတွင် ရေနံယိုဖိတ်မှု တုံ့ပြန်မှု ပြင်ဆင်ရန် ဖူးခက်ဆိပ်ကမ်းအာဏာပိုင်နှင့် ပုဂ္ဂလိကကဏ္ဍ မိတ်ဖက်များထံမှ ရေနံစုပ်ပိုက်များကို လုံခြုံစွာထားရှိစေခဲ့သည်။
ယင်းအပြင် ထိုင်းတော်ဝင်ရေတပ်သင်္ဘော “Panhyee” သည် ပစ္စည်းကိရိယာများနှင့်အတူ အသင့်အနေအထားဖြင့် လုံခြုံရေးယူ စောင့်ကြပ်ခြင်းနှင့် ဥပဒေကြောင်းအရ အရေးယူနိုင်ကန် ခူရာဘူရိရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေစဉ် ဥယျာဉ်တာဝန်ရှိသူများက ရာဇဝတ်မှုနှင့် တရားမမှုများအတွက် သက်သေအထောက်အထားများ မှတ်တမ်းတင်ရယူခြင်းနှင့် ပင်လယ်သယံဇာတ ပြန်လည်ထူထောင်ရန် ရေအောက်ပျက်စီးမှုများကို အသေးစိတ်စစ်ဆေးခြင်းနှင့် အပျက်အစီးများ ဖယ်ရှားခြင်းလုပ်ငန်းများအား အရေးပေါ် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
◾ ထိခိုက်ဧရိယာပိတ်သိမ်းခြင်းနှင့် အများပြည်သူသတိပေးချက်
ဆူရင်းကျွန်းအမျိုးသားဥယျာဉ်အကြီးအကဲ ကရီရန်ကရိုင်း ပေါ်ချာရိုအန်သည် သန္တာကျောက်တန်းများကို သဘာဝအတိုင်း ပြန်လည်ထူထောင်နိုင်ရန် ထိခိုက်ခဲ့သော ဧရိယာကို ယာယီပိတ်သိမ်းခဲ့သည်။ ထို့အပြင် အများပြည်သူနှင့် ခရီးသွားများအား ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အခင်းဖြစ်ပွားရာနေရာကို ရှောင်ရှားရန်လည်း တိုက်တွန်းနှိုးဆော်ပေးခဲ့သည်။
သောင်တင်ကာ သန္တာကျောက်တန်းများကို ပျက်စီးစေခဲ့သည့် မြန်မာသင်္ဘော “MV. AYAR LINN” ၏ သင်္ဘောပိုင်ရှင်သည် ယခုအချိန်အထိ ပေါ်ထွက်လာခြင်းမရှိသေးသော်လည်း ဥယျာဉ်အာဏာပိုင်များသည် လျော်ကြေးတောင်းခံရယူနိုင်ရေးအတွက် ပိုင်ရှင်ကို ဆက်သွယ်ရန် တက်ကြွစွာ ရှာဖွေလျက်ရှိသည်။
တစ်ချိန်တည်းတွင်ပင် စိန်ခေါ်မှုများသော မုတ်သုံရာသီအတွင်း နောက်ထပ်ပတ်ဝန်းကျင်ပျက်စီးမှုများ မဖြစ်ပွားစေရန် အမျိုးသားဥယျာဥ် တာဝန်ရှိသူများက ကြိုးပမ်းနေချိန်တွင် ဥပဒေကြောင်းအရ ဆောင်ရွက်မှုများလည်း ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
Ref, Khaosod



