၄.၆.၂၀၂၅
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတသစ်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ လီဂျေမြွန်က ဇွန်လ ၄ ရက်မှာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ကွဲပြားနေတဲ့နိုင်ငံကို ပြန်လည်ညီညွတ်စေဖို့၊ နှေးကွေးနေတဲ့ နိုင်ငံ့စီးပွားရေးကို ပြန်လည်ရှင်သန်စေဖို့နဲ့ အမျိုးသားအကျိုးစီးပွားကို အခြေခံလို့ လက်တွေ့သက်ရောက်မှုကိုအလေးထားတဲ့ သံတမန်ဆက်ဆံရေးကို ကျင့်သုံးသွားဖို့ ကတိပြုခဲ့တယ်လို့ သိရပါတယ်။
သမ္မတဟောင်း ယွန်ဆတ်ယိုလ်ဟာ အောင်မြင်မှုမရှိခဲ့တဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို ဒီဇင်ဘာလအတွင်း ချမှတ်ခဲ့ပြီးနောက် ပြစ်တင်ရှုတ်ချမှုပြုလုပ်ခံခဲ့ရအပြီးမှာ လီဂျေမြွန်က အကူးအပြောင်းကာလမရှိခဲ့ဘဲ ကြားဖြတ်ရွေးကောက်ပွဲတစ်ခုကိုအနိုင်ရလို့ သူ့ရဲ့ သမ္မတ ငါးနှစ်သက်တမ်းကို စတင်ခဲ့တာပါ။
အမျိုးသားလွှတ်တော်မှာ အကျဉ်းချုပ်အားဖြင့်ကျင်းပတဲ့ ဒီအခမ်းအနားမှာ လီက “ဒီရွေးကောက်ပွဲမှာ ဘယ်သူ့ကို ထောက်ခံခဲ့တာပဲဖြစ်ဖြစ် နိုင်ငံသားတိုင်းအတွက် ကျွန်တော်က သမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမှာပါ” လို့ အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
သမ္မတဟောင်း ယွန်ဆတ်ယိုလ်ရဲ့ စစ်အုပ်ချုပ်ရေးချမှတ်ခဲ့မှုနဲ့ နောက်ဆက်တွဲဖြစ်လာတဲ့ သူ့အပေါ် ပြစ်တင်ရှုတ်ချမှု၊ ရာထူးမှထုတ်ပယ်မှုတို့အပေါ် နိုင်ငံအတွင်း အကြီးအကျယ်စိတ်ဝမ်းကွဲနေကြမှုကို ပြန်လည်စည်းလုံးညီညွတ်မှုရှိအောင် ကြိုးပမ်းမယ်လို့ လီက သန္နိဌာန်ချပြောခဲ့တာပါ။
လီက “ခုအချိန်က လုံခြုံမှုနဲ့ ငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်ကြဖို့ အချိန်ကျပါပြီ။ ဒါတွေကသာ နိုင်ငံရေးပဋိပက္ခတွေထဲမှာ ကိုယ့်ကို အသုံးချခံကိရိယာတွေအဖြစ် ပါဝင်နေမှုကိုလျော့ပါးစေမှာပါ။ ဒါတင်မက စိတ်ဝမ်းကွဲပြားမှုတွေ၊ အရည်အချင်းမရှိမှုတွေနဲ့ တာဝန်မယူမှုတွေကြောင့် ထိခိုက်နေရတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေနဲ့ စီးပွားရေးကိုပြန်လည်တည်ဆောက်ဖို့နဲ့ သံချပ်ကာကားတွေ၊ အော်တိုမက်တစ်သေနတ်တွေအကြား ပျက်ပြားခဲ့ရတဲ့ ဒီမိုကရေစီ ပြန်လည်ရှင်သန်နိုင်ဖို့ ဆောင်ရွက်ဖို့လည်း အချိန်ရောက်နေပါပြီ”လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောသွားပါတယ်။
စီးပွားရေးမှာလည်း လီက တိုးတက်မှုပြန်လည်ကောင်းမွန်စေဖို့ လက်တွေ့ကျပြီး ဈေးကွက်ဦးတည်တဲ့ ချဉ်းကပ်မှုကို ကျင့်သုံးသွားဖို့နဲ့ ဉာဏ်ရည်တုနည်းပညာနဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေလို မြင့်မားတဲ့ နည်းပညာတွေကို အားပေးမြှင့်တင်သွားဖို့လည်း ပြောခဲ့ပါတယ်။ သူက ထိန်းချုပ်ပြီး စီမံခန့်ခွဲမှုသာပြုတဲ့ အစိုးရမျိုးမဟုတ်ဘဲ ထောက်ပံ့မှုနဲ့ အားပေးမှုပြုတဲ့ အစိုးရမျိုးကို ဖွဲ့စည်းသွားပါမယ်လို့လည်း ပြောခဲ့ပါတယ်။
နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်လို့လည်း လီက စီးပွားရေးနှင့် လုံခြုံရေး အခင်းအကျင်း အပြောင်းအလဲကနေ ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ အမျိုးသားအကျိုးစီးပွားကို အဓိကထားပြီး လက်တွေ့ကျတဲ့ သံခင်းတမန်ခင်းလမ်းကြောင်းအတိုင်း လိုက်လျှောက် ဆောင်ရွက်မယ်လို့ အလေးထားပြောခဲ့ပါတယ်။
“ခိုင်မာတဲ့ ကိုရီးယား-အမေရိကန် မဟာမိတ်ကို အခြေခံပြီး တောင်ကိုရီးယား-အမေရိကန်-ဂျပန်ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေပြီး လက်တွေ့ကျပြီး အမျိုးသားအကျိုးစီးပွား ရှုထောင့်ကနေ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကို ချဉ်းကပ်သွားမယ်” လို့လည်း လီက ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ပြင်းထန်စွာ ဟန့်တားဖို့ လိုအပ်တယ်လို့ အလေးထားပြောနေချိန်မှာပဲ လီက မြောက်ကိုရီးယားနှင့် တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့အတွက် တံခါးဖွင့်ထားတယ်လို့ ဆိုခဲ့ပါတယ်။
တရားဝင်ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကိုတော့ ဇူလိုင် ၁၇ ရက်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပမယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။
Ref- Yonhap
