
၄. ၆. ၂၀၂၅
Translated by Thettant
အိန္ဒိယနိုင်ငံသည် ယနေ့ ဗုဒ္ဓဟူးနေ့တွင် ကိုဗစ် – ၁၉ ရောဂါပိုးတွေ့ရှိသူအသစ် ၁,၇၃၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း အတည်ပြုလူနာအရေအတွက် ၄,၃၀၀၀ နီးပါးသို့ ရောက်ရှိလာကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အိန္ဒိယနိုင်ငံ၏ပြည်နယ်လေးခုမှ တစ်ခုစီတွင် သေဆုံးသူတစ်ဦးစီ ရှိခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြုခဲ့ပြီး ၎င်းတို့သည် ကိုဗစ် – ၁၉ ကူးစက်မှုအပြင် နဂိုကျန်းမာရေးကောင်းမွန်ခြင်းမရှိသည့် အခြေအနေများစွာရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
သို့သော် အိန္ဒိယမီဒီယာများက ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ် – ၁၉ ရောဂါကူးစက်မှုကြောင့် လူငါးဦးသေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။
လက်ရှိအခြေအနေတွင် တောင်ပိုင်းပြည်နယ် ကီရာလာသည် စုစုပေါင်း ကူးစက်လူနာ ၁,၄၀၀ ကျော်ဖြင့် အဆိုးရွားဆုံး ထိခိုက်နေဆဲဖြစ်သည်။ထို့အတူ မဟာရာရှ်ထရာနှင့် မြို့တော် ဒေလီကဲ့သို့သော အခြားပြည်နယ်များတွင်လည်း ကူးစက်မှု သိသိသာသာ မြင့်တက်လာသည်ကို တွေ့ရှိရသည်။
ကူးစက်မှုမြင့်တက်လာသော်လည်း နိုင်ငံ၏ ထိပ်တန်းဆေးဘက်ဆိုင်ရာအဖွဲ့အစည်းဖြစ်သော အိန္ဒိယဆေးဘက်ဆိုင်ရာသုတေသနကောင်စီ (ICMR) က ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းလက်ရှိကူးစက်မှုလှိုင်းသည် Omicron မျိုးစိတ်ခွဲများကြောင့် အဓိကဖြစ်ပေါ်ခြင်းဖြစ်ပြီး ကူးစက်မှုများမှာ ယေဘုယျအားဖြင့် အပျော့စားသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ICMR က အခြေအနေသည် ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်ကြောင်း ဖော်ပြခဲ့ပြီး ချက်ချင်းစိုးရိမ်စရာမရှိကြောင်း ပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ကြီး Prataprao Jadhav ကလည်း ပြီးခဲ့သည့်ရက်သတ္တပတ်က ဖြစ်ပေါ်လာနိုင်သည့် မည်သည့်အခြေအနေကိုမဆို ကိုင်တွယ်ဖြေရှင်းရန် အစိုးရအနေဖြင့် အပြည့်အဝ ပြင်ဆင်ထားကြောင်း အများပြည်သူအား အာမခံခဲ့သည်။ သို့သော် မြို့တော်ဒေလီတွင် ကျန်းမာရေးအာဏာပိုင်များက ပြီးခဲ့သည့်လအတွင်း ဆေးရုံများအား ၎င်းတို့၏ ပြင်ဆင်မှုအဆင့်များကို ပြန်လည်စစ်ဆေးရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သည်။
Worldometer ၏ အဆိုအရ အိန္ဒိယနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ကပ်ရောဂါစတင်ကတည်းက ကိုဗစ် – ၁၉ လူနာပေါင်း ၄၅ သန်းကျော်နှင့် သေဆုံးသူ ၅၃၃,၅၇၀ ဦးကျော် မှတ်တမ်းတင်ထားသည်။
Ref, TRT World and Agencies
