
၄. ၆. ၂၀၂၅
Translated by Thettant
ဟောင်ကောင်ရဲတပ်ဖွဲ့၏ အင်္ဂါနေ့ထုတ်ပြန်ချက်အရ အာရှတလွှားရှိ အွန်လိုင်းလိမ်လည်မှုတရုတ်ကျားဖြန့် ကွန်ရက်များကို ပစ်မှတ်ထားသည့် ပူးပေါင်းစစ်ဆင်ရေးတစ်ခုအတွင်း လူပေါင်း ၁,၈၀၀ ကျော် ဖမ်းမိခဲ့သည်ဟု သိရသည်။
ဟောင်ကောင်၏ မြို့တော်ရဲတပ်ဖွဲ့၊ စီးပွားရေး ဆိုင်ရာရာဇဝတ်မှုဌာနမှ အကြီးအကဲဖြစ်သူ ဝေါင်းချွန်ယွီ ပြောကြားချက်အရ အခြားဒေသကြီး ၆ ခုမှ အာဏာပိုင်များ ပါဝင်သည့် အဆိုပါနှိမ်နင်းမှုတွင် လိမ်လည်ရယူထားသော အမေရိကန်ဒေါ်လာ သန်း ၂၀ ခန့်ရှိသောငွေများကို အောင်မြင်စွာ ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည်မှုတရုတ်ကျားဖြန့်ကွန်ရက်များကို နှိမ်နင်းသည့် စစ်ဆင်ရေးအတွင်း တောင်ကိုရီးယား၊ ထိုင်း၊ စင်ကာပူနှင့် အိမ်နီးချင်းဖြစ်သော တရုတ်လောင်းကစားဗဟိုဌာနဖြစ်သည့် မကာအိုတို့ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

မလေးရှားနှင့် မော်လ်ဒိုက်နိုင်ငံများမှ အာဏာပိုင်များလည်း ပူးပေါင်း ပါဝင်သည့် ဤစစ်ဆင်ရေးသည် အွန်လိုင်းစျေးဝယ်မှုနှင့် တယ်လီဖုန်းခေါ်ဆိုလိမ်လည်မှုများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်လိမ်လည်မှုများလုပ်ငန်းကို ပစ်မှတ်ထားခဲ့သည်။ ပြီးခဲ့သည့် မေလ ၂၈ ရက်အထိ တစ်လအတွင်း အွန်လိုင်းလိမ်လည်သည့် အကောင့်ပေါင်း ၃၃,၀၀၀ နီးပါးကို ပိတ်ဆို့နိုင်ခဲ့ကြောင်းလည်း ဝေါင်းက ပြောကြားခဲ့သည်။
အဆိုပါ ကျားဖြန့်ဂိုဏ်းများမှ ဖမ်းဆီးခံရသူ ၁၈၀၀ ကျော်သည် အသက် ၁၄ နှစ်မှ ၈၁ နှစ်အကြား ဖြစ်ကြသည်ဟုလည်း သိရသည်။
အဆိုပါကျားဖြန့်ဂိုဏ်းများ၏ လိမ်လည်မှုများအနက် ယခုနှစ် မတ်လအတွင်းက ဖြစ်ပွားခဲ့သော ဖြစ်ရပ်တစ်ခုတွင် စင်္ကာပူနိုင်ငံမှ ဘဏ္ဍာရေးဆိုင်ရာဒါရိုက်တာတစ်ဦးသည် ဘက်ပေါင်းစုံပါဝင်သော ကော်ပိုရေးရှင်းတစ်ခု၏ အမှုဆောင်အရာရှိချုပ်ဖြစ်ကြောင်း ပြောဆိုသူတစ်ဦး၏ Deep-fake ဗီဒီယိုများမှတစ်ဆင့် လိမ်လည်ခံခဲ့ရသည်။ သားကောင်သည် ဟောင်ကောင်သို့ ဒေါ်လာ ၄၉၉,၀၀၀ လွှဲပြောင်းပေးခဲ့ကြောင်း စင်ကာပူရဲတပ်ဖွဲ့၏ လိမ်လည်မှုတိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး အိုင်လင်း ယပ်က ပြောကြားခဲ့သည်။ သို့သော် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် လိမ်လည်ခံရသည့် ထိုငွေများကို ပြန်လည်ရရှိခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
အွန်လိုင်းလိမ်လည်မှုကျားဖြန့်ဂိုဏ်းများ၏ သားကောင်များတွင် လိမ်လည်ခံရသူများသာမကဘဲ လိမ်လည်မှုလုပ်ငန်းများတွင် အသုံးပြုသည့် ဝန်ထမ်းများပါ ပါဝင်လေ့ရှိပြီး ကျားဖြန့်ဂိုဏ်းများမှ ဖမ်းဆီးခံထားရသော ဝန်ထမ်းများသည် လူကုန်ကူးခံရခြင်း၊ လိမ်လည်ခေါ်ဆိုခိုင်းစေခံရခြင်းများကြောင့် ကျားဖြန့်ဝန်ထမ်းများဖြစ်လာရ၍ ခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများနှင့် ဆိုးရွားသော လုပ်ငန်းခွင်အခြေအနေများကို ရင်ဆိုင်ရလေ့ရှိသည်။
ဧပြီလတွင် ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂအစီရင်ခံစာတစ်ခုအရ အရှေ့အာရှနှင့် အရှေ့တောင်အာရှရှိ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်သည့် အဖွဲ့အစည်းများသည် ၎င်းတို့၏ကျားဖြန့် လိမ်လည်မှုလုပ်ငန်းများကို ကမ္ဘာတစ်ဝန်းသို့ ဖြန့်ကျက်လျက်ရှိကြောင်း တွေ့ရှိရသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) မှ ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့၏ နယ်စပ်ဒေသများ၊ ဖိလစ်ပိုင်နိုင်ငံတို့တွင် လိမ်လည်မှုစခန်းများ နှစ်ပေါင်းများစွာ ထွန်းကားလျက်ရှိပြီး ရဲတပ်ဖွဲ့ထက် ခြေတစ်လှမ်းသာနေစေရန် လုပ်ငန်းများကို နေရာအနှံ့အပြားသို့ ရွှေ့ပြောင်းလုပ်ကိုင်နေကြသည်။
မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများရှိ တရုတ်အွန်လိုင်းလိမ်လည်မှု ကျားဖြန့်စင်တာများသည် လူများကို လိမ်လည်လှည့်ဖြား၍ အလုပ်လုပ်ရန် ဆွဲဆောင်ခြင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ ကျားဖြန့်ဂိုဏ်းသည် ယင်းတို့ အသုံးချသော ဝန်ထမ်းများကို မကြာခဏဆိုသလို ကမ္ဘာတစ်ဝန်းရှိ လူများနှင့် အချစ်ဇာတ်လမ်းအတုများ၊ ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်အတုများနှင့် တရားမဝင် လောင်းကစားအစီအစဉ်များမှတစ်ဆင့် ငွေကြေးအရ ခေါင်းပုံဖြတ်ရန် အတင်းအကျပ်စေခိုင်းခဲ့ကြပြီး ကျားဖြန့် အလုပ်သမားအများအပြားသည် ကျွန်အဖြစ် ပိတ်မိနေသည်ကို တွေ့ရှိရသည်။
