
၄.၆. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံတွင် ယခုနှစ် မိုးရာသီအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု မြင့်တက်လာကြောင်းသိရပြီး တစ်နိုင်ငံလုံးတွင် စုစုပေါင်း ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၂၄,၆၉၂ ဦး ရှိကာ ၆၉ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ရောဂါဖြစ်ပွားမှု မြင့်တက်လာရခြင်းမှာ မိုးရာသီနှင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းအပြင် တပြိုင်နက်တည်း တုပ်ကွေးရောဂါ ကူးစက်မှုများ ပေါ်ပေါက်နေခြင်းတို့ကြောင့် ဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်း သေဆုံးသူ ၆၉ ဦး အနက် အများစုမှာ ဘန်ကောက်၊ ချွန်ဘူရီ၊ ချန်ထာဘူရီနှင့် ချင်းမိုင်ကဲ့သို့သော အဓိကမြို့ကြီးများရှိ ရောဂါအခံရှိသော 608 အုပ်စုဝင် သက်ကြီးရွယ်အိုများဖြစ်သည်။ သို့သော် သေဆုံးမှုနှုန်းမှာ လူ ၁၀၀,၀၀၀ လျှင် ၀ ဒသမ ၁၀၆ ဦးသာရှိပြီး ရောဂါပြင်းထန်မှု တိုးလာခြင်းမရှိကြောင်း ဖော်ပြသည်။

ကိုဗစ်ကူးစက်ခံရသော 608 အုပ်စုဝင်မဟုတ်သူများသည် အများအားဖြင့် ရောဂါလက္ခဏာ အပျော့စား ခံစားရပြီး သဘာဝအတိုင်း ပြန်လည်ကောင်းမွန်လာခြင်း သို့မဟုတ် အကိုက်အခဲပျောက်ဆေးများ သုံးစွဲခြင်းတို့ ပြုလုပ်ကြသည်။
သို့သော် 608 အုပ်စုဝင်များ သို့မဟုတ် တစ်နှစ်အောက်ကလေးငယ်များတွင် ရောဂါလက္ခဏာ ပြင်းထန်ပါက ဆေးရုံတွင် ချက်ချင်းကုသမှု ခံယူသင့်သလို ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်၌ ကလေးငယ်များ ကျောင်းတွင် ကိုဗစ်ကူးစက်ခံရမှုမရှိစေရန်နှင့် အိမ်ရှိ အားနည်းသော သက်ကြီးရွယ်အိုများထံ ကိုဗစ် မကူးစက်စေရေး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန် အကြံပြုထားသည်။
လက်ရှိအခြေအနေများအပေါ် ရောဂါထိန်းချုပ်ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆူသ ချော့နဖန်က မိုးရာသီနှင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ တိုးလာသည်ကို သတိပြုမိကြောင်း၊ ကျောင်းသားများသည် အုပ်စုလိုက် ပတ်ဝန်းကျင်ကြောင့် အထူးသဖြင့် ကူးစက်နိုင်ခြေ မြင့်မားကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ ကိုဗစ်ကူးစက်မှုစာရင်းများအရ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန်လ ၃ ရက်အကြား ကိုဗစ်ရောဂါ ၃၂၄,၆၉၂ ဦး ကူးစက်ခံရကြောင်း သတင်းပို့ထားပြီး လူ ၁၀၀,၀၀၀ လျှင် ၅၀၀ ဒသမ ၂၀ ဦး ကူးစက်မှုနှုန်းရှိခဲ့သည်။ ကူးစက်မှုနှုန်း အမြင့်ဆုံးမှာ ဘန်ကောက်၊ ချွန်ဘူရီ၊ ရယောင်း၊ ဖူးခက်နှင့် နခွန်ပထုံတို့တွင်ဖြစ်ပြီး ကျောင်းများ၊ အကျဉ်းထောင်များ၊ စစ်စခန်းများနှင့် ဆေးရုံများတွင်လည်း ကူးစက်မှုအုပ်စုများ တွေ့ရှိရသည်။
ကိုဗစ်ရောဂါ ကူးစက်မှုနှုန်းမြင့်တက်မှုသည် ယခုနှစ် အပတ်စဉ် ၁၆ တွင် စတင်ခဲ့ပြီး အပတ်စဉ် ၂၂ တွင် ၉၃,၆၂၁ ဦး ဖြင့် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကာ လက်ရှိအပတ်စဥ်အခြေအနေအရ ၂၈,၃၉၂ ဦး ရှိခဲ့သည်။ ကူးစက်မှုအနေအထားအရ လူသေဆုံးမှုနှုန်း နည်းပါးသော်လည်း လူအများ၏ ကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်မှုများဖြစ်သော လူမှုရေးအရ ခပ်ခွာခွာနေထိုင်ခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းတို့ကို အာဏာပိုင်များက ဆက်လက်အာရုံစိုက်နေသည်။
လက်ရှိ XEC ကိုဗစ်ဗီဇပြောင်းဗိုင်းရပ်စ်သည် အလွယ်တကူ ကူးစက်နိုင်သော်လည်း မပြင်းထန်ဘဲ အအေးမိခြင်းနှင့် ဆင်တူကြောင်း၊ ဆေးရုံတက်ရောက်မှုနှုန်း နည်းပါးခြင်းက သက်သေပြနေကြောင်း ဒေါက်တာဆူသက ပြောကြားခဲ့သည်။
ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆာကန် ဘွန်နဂ် (Doctor Sakan Bunnag) က တုပ်ကွေး၊ အအေးမိခြင်းနှင့် ကိုဗစ်ရောဂါလက္ခဏာများသည် ဆင်တူနိုင်သောကြောင့် ကနဦးရောဂါရှာဖွေရန် ခက်ခဲကြောင်း ရှင်းပြခဲ့သည်။
အန္တရာယ်မရှိသော အုပ်စုများတွင် ရောဂါလက္ခဏာ အပျော့စားများကို ရောဂါလက္ခဏာအလိုက် ကုသမှုဖြင့် စီမံခန့်ခွဲနိုင်သော်လည်း ရောဂါလက္ခဏာ ပြင်းထန်ပါက ဆေးကုသမှုခံယူရန် လိုအပ်ကြောင်း၊ ရောဂါပြင်းထန်သူများအတွက် အဓိကဆေးဝါးများမှာ Remdesivir နှင့် Paxlovid တို့ဖြစ်ပြီး ဆေးဝါးကုမ္ပဏီများနှင့် အစိုးရဆေးဝါးအဖွဲ့အစည်းတို့မှ လုံလောက်စွာ ထောက်ပံ့ပေးထားကြောင်း၊ ကူးစက်ခံရသူများ လုပ်ငန်းခွင်မှ မဖြစ်မနေ သီးခြားနေထိုင်ရန် မလိုအပ်ကြောင်း၊ ကျောင်းသားများစွာ ဖျားနာသည့် ကျောင်းများသည် ထိခိုက်သူများကို အတန်းပိတ်စရာမလိုဘဲ အိမ်တွင်နေခွင့်သာပြုသင့်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
Ref, The Thaiger
