
၄. ၆. ၂၀၂၅
Written by Thettant
ရုရှားနိုင်ငံအတွင်း လေတပ်စခန်းတွေကို ဇွန်လ ၁ ရက်နေ့မှာ ယူကရိန်းက မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲဲ့ပြီး ရုရှားလေတပ်စခန်းလေးခုက ဒေါ်လာခုနစ်ဘီလျံတန်ဖိုးရှိ စစ်လေယာဉ် ၄၁ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းအစိုးရကပြောကြားခဲ့တဲ့ တိုက်ခိုက်မှုဖြစ်စဥ်အတွက် ရုရှားက တုံ့ပြန်တိုက်ခိုက်မယ်ဆိုတဲ့အကြောင်းကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်က အတည်ပြုခဲ့ပါတယ်။

ဒီအတည်ပြုမှုကိုတော့ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့နှစ်ဦး ၁ နာရီနဲ့ ၁၅ မိနစ်ကြာ တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုအပြီးမှာ ထရမ့်ပ်က သူ့လူမှုကွန်ရက်မှာ”ကျွန်တော် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တယ်လီဖုန်းနဲ့ စကားပြောပြီးပါပြီ။ ဖုန်းပြောဆိုမှုဟာ ခန့်မှန်းခြေအားဖြင့် တစ်နာရီနဲ့ ၁၅ မိနစ် ကြာမြင့်ခဲ့ပါတယ်။ ရုရှားက ဆိုက်ကပ်ထားတဲ့ လေယာဉ်တွေအပေါ် ယူကရိန်းရဲ့ တိုက်ခိုက်မှုအကြောင်းနဲ့ နှစ်ဖက်စလုံးက လုပ်ဆောင်ခဲ့တဲ့ အခြားတိုက်ခိုက်မှုအမျိုးမျိုးအကြောင်းကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ကောင်းမွန်တဲ့ ဆွေးနွေးမှုတစ်ခု ဖြစ်ခဲ့ပေမယ့် ချက်ချင်းငြိမ်းချမ်းရေးကို ဦးတည်သွားမယ့် စကားဝိုင်းတော့ မဟုတ်ပါဘူး။ သမ္မတပူတင်က လေယာဉ်ကွင်းတွေအပေါ် မကြာသေးခင်က တိုက်ခိုက်မှုအပေါ် သူတုံ့ပြန်ရလိမ့်မယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

ဒီဇွန်လ ၁ ရက်က တိုက်ခိုက်မှုအပေါ် ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း “ယူကရိန်းအစိုးရဟာ FPV မောင်းသူမဲ့လေယာဉ်တွေကိုသုံးပြီး ရုရှားနိုင်ငံအတွင်း Murmansk, Irkutsk, Ivanovo, Ryazan နဲ့ Amur ဒေသတွေမှာရှိတဲ့ စစ်လေယာဉ်ကွင်းတွေကို ဇွန်လ ၁ ရက်က တိုက်ခိုက်မှုတွေ ပြုခဲ့တယ်လို့ ပြောကြားခဲ့ပြီး Ivanovo, Ryazan နဲ့ Amur ဒေသတွေမှာ တိုက်ခိုက်မှုတွေကိုတော့ တွန်းလှန်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ Murmansk နဲ့ Irkutsk ဒေသစစ်လေယာဉ်ကွင်းတွေကို မောင်းသူမဲ့လေယာဉ်တွေနဲ့ ပစ်လွှတ်တိုက်ခိုက်မှုမှာတော့ လေယာဉ်အများအပြားမီးလောင်ဆုံးရှုံးခဲ့ရတယ်”လို့လည်း ပြောခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဇယ်လန်စကီးက ပင့်ကူကွန်ရက် “Spider’s Web” လို့ အမည်ပေးထားတဲ့ အဆိုပါ တိုက်ခိုက်မှုရဲ့ အောင်မြင်တဲ့ရလဒ်တွေကို ချီးကျူးခဲ့ပြီး မောင်းသူမဲ့လေယာဉ် ၁၁၇ စင်းအသုံးပြုတိုက်ခိုက်ခဲ့တာလို့လည်း ပြောခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ယူကရိန်းအစိုးရက ရုရှားလေတပ်စခန်းလေးခုမှ ဒေါ်လာ ခုနစ်ဘီလျံတန်ဖိုးရှိတဲ့ စစ်လေယာဉ်တွေကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ SBU ခေါ် ယူကရိန်းလုံခြုံရေးဝန်ဆောင်မှုအဖွဲ့ကလည်း ရုရှားလေယာဉ် ၄၁ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒီလိုဖျက်ဆီးဖို့ မောင်းသူမဲ့လေယာဉ်တွေကို ပို့ဆောင်ရေး ကွန်တိန်နာတွေရဲ့ မျက်နှာကျက်မှာ လျှို့ဝှက်ယူခဲ့ပြီးမှ သူတို့ကို ဖွင့်ပြီး တိုက်ခိုက်ခဲ့သလို ဒီစစ်ဆင်ရေးကို တစ်နှစ်ခွဲကျော်ကြာ ကြိုတင်ပြင်ဆင်ခဲ့တယ်လို့လည်း SBU က ပြောခဲ့ပါတယ်။
ပူတင်နဲ့ ထရမ့်ပ်တို့ ဆွေးနွေးမှုမှာ အခြားဆွေးနွေးချက်ကို အီရန် နျူလက်နက်မပိုင်ရေး ပူတင်က သဘောတူတယ်လို့ ယုံကြည်ရကြောင်းသာရေးသားခဲ့တာ၊ ရုရှားက ယူကရိန်းကို လက်တုံ့ပြန်မယ့်ဖြစ်ရပ်အတွက် ပူတင်ကို ထရမ့်ပ်က တားမြစ်ကြောင်း မပါခဲ့တဲ့အပြင် ကောင်းမွန်တဲ့ဆွေးနွေးမှုဖြစ်တယ်လို့ပဲ ပြောခဲ့တာ၊ အခြား ယူကရိန်းဘက်ကလည်း ရုရှားရဲ့တုံ့ပြန်လာမှုကို စောင့်မျှော်နေတာဖြစ်လို့ ယူကရိန်းရဲ့ ဇွန်လ ၁ ရက်က တိုက်ခိုက်တဲ့ အပြင်းထန်ဆုံးထိုးနှက်မှုကို ရုရှားဘယ်လို တုံ့ပြန်မလဲဆိုတာ ဇာတ်ခုံပေါ်မှာ စောင့်ကြည့်ရတော့မှာပါ။
