◾️ မြန်မာနိုင်ငံမှာ အခြေတည်ခဲ့တဲ့ ဖိနပ်လုပ်ငန်းပေမဲ့ နိုင်ငံရေးအကျပ်အတည်းနောက်မှာ စင်ကာပူစျေးကွက်ကို ပြောင်းရွှေ့ ထိုးဖောက်ပြီး အောင်မြင်မှုရလာနေတဲ့ မြန်မာအမျိုးသမီးတစ်ယောက်တည်ထောင်တဲ့ Commune Wear

၃. ၆. ၂၀၂၅
Translated by Tha Doe
Commune Wear ဟာ လူတွေ နေ့စဉ်သွားလာလှုပ်ရှားရာမှာ စီးနင်းကြရတဲ့ ခြေဖဝါးအစုံအတွက် ကျန်းမာရေးနဲ့ သင့်လျော်တဲ့ ဖိနပ်တွေဖြစ်တယ်လို့ နာမည်ကောင်းရလာနေတဲ့ စင်ကာပူက ဖိနပ်အမှတ်တံဆိပ်တစ်ခုပါ။ ဒါပေမဲ့လည်း စင်ကာပူမှာ နာမည်ကျော်လာမယ့် ဒီဖိနပ်ရဲ့အမှတ်တံဆိပ်ကို တည်ထောင်သူ မေ (May Chua) ကတော့ ဖက်ရှင်နဲ့ ဖိနပ်အပေါ် သူမရဲ့စိတ်အားထက်သန်မှုကြောင့် မမျှော်လင့်တဲ့ နေရာတစ်ခုမှာ Commune Wear ကို အစပြုနိုင်မယ့် အခွင့်အရေး မမျှော်လင့်ဘဲ တွေ့ရှိခဲ့တာပါ။
မေက စင်ကာပူနိုင်ငံ၊ နန်ယန်းနည်းပညာတက္ကသိုလ်က စက်မှုအင်ဂျင်နီယာဘွဲ့ရတစ်ဦးပါ။ သူမဟာ မကြာခင်နှစ်အပိုင်းအခြားတွေအတွင်း မြန်မာနိုင်ငံက သူမဖခင်ရဲ့ ကုန်သွယ်ရေးနဲ့ အိမ်ခြံမြေလုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ အသက် ၃၄ နှစ်အရွယ်ရှိတဲ့ စင်ကာပူမှာအမြဲနေထိုင်ခွင့်ရထားသူ (Singapore Permanent Resident) မြန်မာနိုင်ငံသား မေဟာ ထိုင်းနိုင်ငံကို သွားရောက်ခဲ့တဲ့ အလုပ်ခရီးစဉ်တစ်ခုအတွင်း လက်နဲ့ သားရေဖိနပ်တွေ ပြုလုပ်နေတဲ့ လက်မှုဖိနပ်ပညာကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
“လက်မှုပညာရှင်တစ်ဦးက ဖိနပ်ကို မီးခြစ်နဲ့ မီးရှို့လိုက်တော့ အစစ်အမှန် သားရေစစ်စစ် ဖြစ်နေတယ်။ စိတ်ဝင်စားလို့ သူတို့ဖိနပ်တွေကို ဝယ်ပြီး ထိုင်းမှာ စီးခဲ့တယ်။ တကယ်ကို သက်သောင့်သက်သာရှိတယ်” လို့ မေက Commune Wear ဖြစ်တည်မှုအစကို ပြန်ပြောပြပါတယ်။
ဖိနပ်ချုပ်လုပ်ရာမှာ ကျွမ်းကျင်မှုရှိတဲ့ လက်မှုပညာရှင်တွေရဲ့ လက်ရာအပေါ် မေရဲ့ ယုံကြည်ချက်က နည်းပါးတဲ့အမှာနဲ့ စခဲ့တာပါ။ သူမ စတင် မှာယူခဲ့တဲ့ ဖိနပ် ၁၆ ရံဟာ မိသားစုနဲ့ မိတ်ဆွေတွေအကြား နှစ်ခြိုက်သဘောကျတဲ့ တုံ့ပြန်မှုတွေ အတိုင်းထက်အလွန်ရရှိလာခဲ့တဲ့အချိန်မှာ စျေးကွက်အလားအလာကို တွက်ဆမိပြီးနောက်မှာ အဲဒီနှစ်မှာပဲ သူမက ဖိနပ်လုပ်ငန်းကို စတင်ခဲ့တော့တာပါ။

ကနဦးမှာတော့ မွေးရပ်မြေကို ပြန်လည်ကူညီလိုတဲ့ ဆန္ဒနဲ့ မေဟာ Commune Wear ကို မြန်မာနိုင်ငံမှာ ပထမဆုံး မိတ်ဆက်ခဲ့တာပါ။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာတော့ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် သူမလုပ်ငန်းကို စင်ကာပူနိုင်ငံဆီ ပြောင်းရွှေ့ဖို့ ခက်ခဲတဲ့ကြားက မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်အဖြစ် Commune Wear ကို စင်ကာပူဆီ ပြောင်းရွှေ့လိုက်ပါတော့တယ်။ နိုင်ငံရေးအကျပ်အတည်းအပြင် ကိုဗစ်ကပ်ရောဂါဘေးဆိုးကြားမှာ စတင်ခဲ့ရတဲ့ သူမရဲ့ Commune Wear ဟာ ကြီးမားတဲ့စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး သူမရဲ့ ဝန်ထမ်းတွေ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် သူမရဲ့ ကိုယ်ပိုင်ငွေနဲ့ လစာတွေကို ပေးခဲ့ရပါတယ်။
မေဟာ Commune Wear မှာ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နေရင်း အဲ့ဒီနှစ် မေလမှာပဲ စင်ကာပူနိုင်ငံရဲ့ သမိုင်းဝင်အမွေအနှစ်နေရာဖြစ်တဲ့ Singapore Botanic Gardens အနီးက ရှေးဟောင်းအဆောက်အအုံ Cluny Court မှာ အရောင်းပြခန်းဖွင့်လှစ်ဖို့ ရဲရင့်တဲ့ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ခဲ့တာကြောင့် စင်ကာပူမှာ Commune Wear အမှတ်တံဆိပ် စတင် ပေါ်ပေါက်လာခဲ့ပါတယ်။ စတင်ချိန်က အချိန်ပိုင်းဝန်ထမ်းတစ်ဦးတည်းနဲ့ လုပ်ကိုင်ခဲ့ရပေမဲ့လည်း မိသားစုအလုပ်ကနေ စွန့်ခွာပြီး သူမရဲ့ အမှတ်တံဆိပ် အောင်မြင်ဖို့နဲ့ လက်တွေ့ကျကျ တည်ရှိမှုကိုထူထောင်ဖို့ သူမရဲ့ကတိကဝတ်ကို မိသားစုအပေါ် သက်သေပြနိုင်ခဲ့ပါတယ်။

“အစပိုင်းမှာ စင်ကာပူမှာ စတင်ဖို့ ရည်ရွယ်ချက်မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကိုဗစ်-၁၉ ကာလမှာ ကျွန်မမိသားစုအကုန်လုံးနဲ့ ဒီမှာရှိနေခဲ့ပြီး ကျွန်မအဖွဲ့ကို ဆက်ပြီး လစာပေးချင်ခဲ့တယ်။ မိသားစုဆီကနေ ငွေကို လက်ခံဖို့ ငြင်းဆန်ခဲ့ပြီး ခေါင်းမာခဲ့တယ်။ နောက်ဆုံးတော့ အရာရာ စတင် အသက်ဝင်လာပြီး အချိန်ပြည့် ကျွန်မအမှတ်တံဆိပ်နဲ့အတူ ရှိနေဖို့ ၂၀၂၃ ခုနှစ်မှာ ကျွန်မမိသားစုလုပ်ငန်းကနေ အလုပ်ထွက်ခဲ့ပါတယ်” လို့ မေက ပြောခဲ့ပါတယ်။
Commune Wear ဆိုတဲ့ အမှတ်တံဆိပ်အမည်ရဲ့နောက်ကွယ်မှာရှိတဲ့ မေရဲ့ ဖွင့်ဆိုချက်က စစ်မှန်သောစကားပြောဆိုမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှင်သန်နိုင်တဲ့ ရပ်ဝန်းတစ်ခုကို တည်ဆောက်ဖို့ဖြစ်တယ်လို့လည်း မေက ဖွင့်ဆိုပါတယ်။
“အရင်တုန်းက မြန်မာနိုင်ငံမှာ ကျွန်မတို့ဆိုင်က လူမှုစီးပွားရေးလုပ်ငန်းတွေကို လက်ခံကျင်းပခဲ့တယ်။ ဒါပေမဲ့ စင်ကာပူမှာတော့ လက်လီရောင်းဝယ်ရေးစျေးက ပိုစျေးကြီးတဲ့အတွက် နည်းနည်း ပိုခက်ခဲပါတယ်။ ဖိနပ်အမှတ်တံဆိပ်တစ်ခုက တခြားဖိနပ်အမှတ်တံဆိပ်တစ်ခုနဲ့ အတူ ယှဉ်တွဲတည်ရှိနိုင်တယ်လို့ ကျွန်မယုံကြည်တယ်၊ အဝတ်အစားအမှတ်တံဆိပ်နဲ့လည်း ဒီလိုပါပဲ။ ရည်ရွယ်ချက်ရှိရှိနဲ့ အမြဲတမ်းတိုးတက်ပြောင်းလဲနေဖို့ – ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ – ဒါပေမဲ့ ပေါ့ပေါ့ပါးပါးနဲ့ ခေတ်မှီတဲ့ပုံစံကို ဆက်ထိန်းထားဖို့ ကျွန်မယုံကြည်ပါတယ်” လို့ မေက ဆက်လက်ပြောကြားခဲ့ပါတယ်။

စင်ကာပူမှာ အခြေပြုပြီးနောက်ပိုင်းမှာ ထုတ်ကုန်တွေက လူထုအကြား ပိုမို ပျံ့နှံ့ဖို့ လိုအပ်တာကို မေက အသိအမှတ်ပြုခဲ့ပြီး Commune Wear ဖန်တီး ထုတ်လုပ်မှုတွေကိုလည်း ပြောင်းလဲခဲ့ပါတယ်။ နဂိုက ဝက်သားရေနဲ့ ထုတ်လုပ်မယ်လို့ ကန့်သတ်ထားပေမဲ့လည်း သူမဟာ အဆင့်မြင့်နွားနဲ့ နွားငယ်သားရေတွေကပါ ဖန်တီးပြုလုပ်နိုင်တဲ့ သားရေနယ်စက်တွေကို ရှာဖွေခဲ့ပြီး မွတ်ဆလင်ဖောက်သည်တွေအတွက် ပိုမိုလက်လှမ်းမီနိုင်စေရုံသာမက သာလွန်ကောင်းမွန်တဲ့ သက်သောင့်သက်သာရှိမှုနဲ့ သဘာဝအလှအပကို ဖန်တီးပေးမှုနဲ့အတူ သူမ အမှတ်တံဆိပ်ရဲ့ ကတိကဝတ်ကို မြှင့်တင်ပေးခဲ့ပါတယ်။
“ဖိနပ်တစ်ရံချင်းစီကို နွားသားရေ ဒါမှမဟုတ် ဝက်သားရေနဲ့ လုပ်ဆောင်ထားကြောင်း ကုန်ပစ္စည်းဖော်ပြချက်တွေမှာ အထင်အရှားဖော်ပြထားတဲ့အတွက် မွတ်ဆလင်ဖောက်သည်တွေဟာ သူတို့ဘာကို ရွေးချယ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်သွားပါတယ်” လို့လည်း မေက ပြောကြားခဲ့ပါတယ်။

မေဟာ သဘာဝအတိုင်းအရောင်ချွတ်နည်းတွေကို အသုံးပြုရာမှာ သားရေနယ်နည်းတွေကိုလည်း သတိအပြည့်နဲ့ အကောင်းဆုံးနည်းလမ်းကို ရည်ရွယ် ရွေးချယ်ခဲ့ပါတယ်။ ဓာတုဆေးတွေနဲ့ သားရေနယ်တာက ချောမွေ့ညီညာတဲ့အရောင်ကို ဖန်တီးပေးပေမဲ့လည်း သဘာဝနည်းနဲ့ သားရေနယ်တာက ဖိနပ်တစ်ရံစီကို စီးနင်းရင်း သီးခြားအရောင်အသွေးတစ်ခုကို ဖြစ်ပေါ်စေကာ အချိန်ကြာလာနဲ့အမျှ Commune Wear ရဲ့ စရိုက်လက္ခဏာကို မြှင့်တင်ပေးပါတယ်။
ဒါ့အပြင် စျေးကွက်လိုအပ်ချက်နဲ့ လိုက်လျောညီထွေဖြစ်စေဖို့ မေဟာ ဖိနပ်ဆိုတ် ၃၄ လို သေးငယ်တဲ့ ဆိုတ်တွေကိုလည်း ထည့်သွင်း ချုပ်လုပ်ခဲ့ပါတယ်။
“အရင်တုန်းက ဆိုတ် ၃၅ ကနေ ၄၁ အထိပဲ လုပ်ခဲ့ပေမဲ့ တကယ်ခြေထောက်သေးတဲ့ မိန်းကလေးတွေရှိတယ်ဆိုတာ သိလာရတယ်။ အရင်က အမျိုးသားအတွက်နဲ့ အမျိုးသမီးအတွက်ဆိုပြီး သီးခြားစီ သတ်မှတ် ရောင်းချတာတွေရှိခဲ့ပေမဲ့ အခုတော့ အမျိုးသားရော၊ အမျိုးသမီးရောပါ အသုံးပြုနိုင်တဲ့ Unisex လို့ ခေါ်တာတွေက ပိုပြီးအသုံးတည့်တဲ့ အခြေအနေကို ရောက်နေပါပြီ”လို့လည်း မေက ဆိုပါတယ်။

ဖိနပ်ကြောင့် ခြေဖဝါးနာကျင်ရမှုတွေ၊ ခြေထောက်နာကျင်မှုတွေက လူနေမှုဘဝအပေါ် သက်ရောက်မှုရှိတာကိုလည်း မေက အသိအမှတ်ပြုခဲ့ပြီး စီးနင်းရာမှာ နာကျင်မှုတွေကို ပြန်လည်ကောင်းမွန်စေရေးကို အဓိကထားတဲ့ ဖိနပ်တွေ ဖန်တီးဖို့လည်း စတင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ မေဟာ ခြေထောက်အထူးကုဆရာဝန်တစ်ဦးနဲ့ ပူးပေါင်းပြီး ခြေမအဖုတွေကို မနာကျင်စေမယ့် ဒီဇိုင်းတွေကို ဖန်တီးခဲ့ပါတယ်။ ဒီဖိနပ်တွေဟာ ခြေမနေရာချထားမှု၊ ခြေချောင်းလေးတွေအတွက် ကျယ်ဝန်းတဲ့နေရာနဲ့ ဖိနပ်ဖွဲ့စည်းပုံကို မထိခိုက်စေဘဲ တည်ငြိမ်မှုပေးဖို့ Memory Foam တွေကို အလွှာလိုက်ထည့်သွင်းတဲ့ မဟာဗျူဟာမြောက်ထုတ်လုပ်မှုကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။
“ဒီဖိနပ်က သက်သောင့်သက်သာရှိတယ်လို့ ဒီလူတစ်ယောက်အတွက် ခံစားရရင်တောင်မှ တခြားလူတစ်ယောက်အတွက် သက်သောင့်သက်သာမရှိနိုင်ဘူးဆိုတာကို ဖောက်သည်တွေကို ပညာပေးဖို့ ကျွန်မတို့ အကောင်းဆုံးကြိုးစားပါတယ်။ အာရှမိန်းကလေးအများစုမှာ ခြေဖဝါးပြားတာ ဒါမှမဟုတ် ခြေဖဝါးပျော့တာတွေ ရှိပါတယ်။ ဒါပေမဲ့ စင်ကာပူမှာဆိုရင် ပူပြင်းတဲ့ရာသီဥတုကြောင့် ခြေထောက်တွေ ဖောရောင်လာတတ်ပါတယ်။ ကျွန်မတို့အမှတ်တံဆိပ်က ဒီဇိုင်းအမျိုးမျိုးနဲ့ ကိုက်ညီတဲ့ ခြေထောက်ကျယ်ပြီး ခြေထောက်မြင့်တဲ့သူတွေအတွက်ပါ လုပ်ပေးပါတယ်” လို့လည်း မေက ပြောပါတယ်။
ထိုင်းက လက်မှုပညာရှင်အနည်းငယ်နဲ့ စတင်လုပ်ကိုင်ခဲ့တဲ့ ဖိနပ်လုပ်ငန်း Commune Wear ဟာ လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံက လက်မှုပညာရှင်တွေပါ ပါဝင်လာတဲ့အထိ လုပ်ငန်းတိုးတက်လာခဲ့ပြီး အဲဒီ မြန်မာလက်မှုပညာရှင်ထဲက လေးဦးကတော့ စင်ကာပူအခြေစိုက်ပါ။
ပွင့်လင်းမြင်သာမှုရှိစေဖို့ ဝယ်ယူသူတွေကို အထင်အမြင်လွဲမှားခြင်းမဖြစ်စေဖို့ မေဟာ သူမရဲ့ Commune Wear အမှတ်တံဆိပ်ကို ဖော်ပြရာမှာ “ရေရှည်တည်တံ့သော” လို့ဆိုတဲ့ ဝေါဟာရကို အသုံးပြုခြင်းက ရှောင်ကြဉ်ပြီး ဒီစကားစုဟာ “ပတ်ဝန်းကျင်ထိန်းသိမ်းမှုဟန်ဆောင်ခြင်း” အဖြစ် မကြာခဏ အလွဲသုံးစားပြုလုပ်ခံရတဲ့စကားစုလို့လည်း သူမက ယုံကြည်ပါတယ်။

“တိုးတက်အောင်လုပ်ရမယ့် အရာတွေ အများကြီးရှိနေသေးတယ်လို့ ကျွန်မထင်နေတုန်းပါပဲ။ ဥပမာ၊ ကျွန်မတို့ Chrome Tanning သားရေနယ်ခြင်းကို သုံးပါတယ်။ ဒါက အခြေခံအားဖြင့် ဓာတုဗေဒနည်းနဲ့ သားရေနယ်တာပါ။ သရက်သီး ဒါမှမဟုတ် မှိုကနေရတဲ့ Vegan Leather ကို စတင်ရှာဖွေခဲ့ပါတယ်။ ဒါပေမဲ့ Vegan Leather တွေရဲ့ အားနည်းချက်ကတော့ နူးညံ့မှု၊ သက်သောင့်သက်သာရှိမှုနဲ့ လေဝင်လေထွက်ကောင်းမှုအဆင့်ကို မရောက်သေးပါဘူး”လို့ သူမက ဆက်လက်ပြောပါတယ်။
မေရဲ့ Cummune Wear ဖိနပ်တွေဟာ မြန်မာငွေနဲ့ တစ်ရံ ကျပ် ငါးသိန်း ပတ်ခြာလည်မှာရှိပါတယ်။ လက်ရှိအချိန်မှာ မေဟာ သူမရဲ့ လက်ရှိအဖွဲ့နဲ့ ရပ်တန့်နေခြင်းမရှိဘဲ အခြားထုတ်ကုန် အမျိုးအစားတွေကို ချဲ့ထွင်ဖို့အတွက် လက်မှုပညာရှင်တွေကို ဆက်လက်ရှာဖွေနေပါတယ်။
“အိတ်တွေလိုမျိုး ပိုထုတ်လုပ်ဖို့ မျှော်လင့်ထားပါတယ်၊ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်။”
Ref , CNN
