၃.၆.၂၀၂၅
Translated by Htwe Ko Tun
ရုရှားနဲ့ ယူကရိန်းတို့ရဲ့ သုံးနှစ်ကျော်ကြာစစ်ပွဲကို အပစ်အခတ်ရပ်စဲရေးအတွက် နှစ်နိုင်ငံ ဒုတိယအကြိမ်မြောက်ညှိနှိုင်းဆွေးနွေးပွဲကို နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တွေ ဇွန်လ ၂ ရက်က တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ ကျင်းပခဲ့ကြတာပါ။
ညှိနှိုင်းဆွေးနွေးပွဲအပြီးမှာတော့ နှစ်ဖက်စလုံးက ထုတ်ဖော်ပြောကြားချက်တွေအရ ရုရှားက ယူကရိန်းနိုင်ငံသားတွေရဲ့ အအေးခံထားတဲ့ရုပ်အလောင်းတွေ လွှဲပြောင်းပေးဖို့၊ ဒဏ်ရာရသူတွေနဲ့ အသက် ၂၅ နှစ်အောက် စစ်သားတွေ ဖလှယ်ကြဖို့၊ အရပ်သားတွေ၊ ကလေးတွေ ဖလှယ်ကြဖို့ဆိုတာတွေမှာ သဘောတူညီခဲ့ကြပြီလို့ သိရပါတယ်။
ညှိနှိုင်းဆွေးနွေးပွဲရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့တော့ ဘယ်လို့ ညှိနှိုင်းမှုတွေရှိခဲ့ကြလဲ နှစ်ဖက်စလုံးက မပြောခဲ့ပါဘူး။ ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗလာဒီမာ မက်ဒင်စကီးကတော့ ရုရှားက ယူကရိန်းကိုလွှဲပြောင်းပေးခဲ့တဲ့ စာချွန်လွှာမှာ အပစ်အခတ်ရပ်စဲရေးအတွက် မျှော်လင့်ထားတဲ့နည်းလမ်းတွေပါတယ်လို့သာ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဇွန်လ ၃ ရက်မှာ ရုရှားနိုင်ငံထုတ်သတင်းစာတွေမှာတော့ ရုရှားက ယူကရိန်းကိုပေးခဲ့တဲ့ စာချွန်လွှာမှာ အပစ်အခတ်ရပ်စဲရေး နှစ်ဖက်သဘောတူဖို့ရာမှာ ရုရှားဘက်က တောင်းဆိုတဲ့အချက်တွေကို ဖော်ပြခဲ့ကြပါတယ်။
သတင်းတွေအရ ပထမနည်းလမ်းမူဘောင်အရ ယူကရိန်းက ရုရှားဘက်က သူ့ရဲ့ပိုင်နက်အဖြစ် တစ်စိတ်တစ်ပိုင်းသိမ်းပိုက်ထားတဲ့ ဒွန်တက်စ်ခ်(Donetsk)၊ လူဟန့်စ်ခ်(Luhansk)၊ ဇာပိုရစ်ဖ်ဇီးယားခ (Zaporizhzhia) နဲ့ ခါဆန်(Kherson) ဒေသတို့ကနေ ဆုတ်ခွာပေးရမှာပါ။ ယူကရိန်းတပ်တွေ ဆုတ်ခွာပေးတာနဲ့ ရက် ၃၀ အပစ်အခတ်ရပ်စဲရေးက စတင်အသက်ဝင်မယ်လို့ စာချွန်လွှာက ဆိုပါတယ်။
ယူကရိန်းအနေနဲ့ ရုရှားနယ်စပ်ကနေ သဘောတူတဲ့ အကွာအဝေးတစ်ခုအထိ သူ့ရဲ့တပ်ဖွဲ့တွေကို ဆုတ်ပေးဖို့လည်း တောင်းဆိုချက်မှာပါပါတယ်။
ဒုတိယနည်းလမ်းမှာတော့ ရုရှားတို့ တစ်စိတ်တစ်ပိုင်း သိမ်းပိုက်ထားတဲ့ဒေသလေးခုမှာ ယူကရိန်းတို့အနေနဲ့ ချက်ချင်းလက်နက်ချဖို့ တောင်းဆိုမထားပါဘူး။ ဒါပေမယ့် ယူကရိန်းဘက်ကဆောင်ရွက်ပေးဖို့ လိုအပ်ချက်တွေ တောင်းဆိုခဲ့ပါတယ်။
ဒီမှာ ယူကရိန်းကို စစ်အင်အားစုရုံးမှု လုံးဝမပြုလုပ်ဖို့၊ ပြည်ပစစ်ဘက်အကူအညီမရယူဖို့၊ ထောက်လှမ်းရေးသတင်း ဝေမျှခြင်းမပြုလုပ်ဖို့နဲ့ ဂြိုဟ်တုအထောက်အပံ့ မရယူဖို့၊ ရုရှားနိုင်ငံအတွင်း အဖျက်အမှောင့်လုပ်ငန်းများ မပြုလုပ်ရေးအာမခံဖို့ဆိုတာတွေ ပါဝင်ပါတယ်။
ဒါ့ပြင် ဒုတိယအဆိုပြုနည်းလမ်းမှာ ဖမ်းဆီးထားတဲ့အရပ်သားတွေ နှစ်ဖက်လုံးက ပြန်လွှတ်ဖို့နဲ့ စစ်အုပ်ချုပ်ရေးရုပ်သိမ်းအပြီး ရက် ၁၀၀ အတွင်း ယူကရိန်းမှာ သမ္မတရွေးကောက်ပွဲနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့လည်း ပါပါတယ်။ အဆိုပြုချက်က ပြည်ပစစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေ ယူကရိန်းမှထွက်ခွာကြဖို့နဲ့ နယ်စပ်ဒေသမှာ တပ်ဆုတ်ခွာမှုတွေကလွဲလို့ ယူကရိန်းတပ်ဖွဲ့တွေ ရွှေ့ပြောင်းမှုမပြုလုပ်ဖို့လည်း တောင်းဆိုထားပါတယ်။
ယူကရိန်းဘက်ကလည်း ယူကရိန်းအနေနဲ့ နေတိုးအုပ်စုနဲ့ ဥရောပသမဂ္ဂမှာ ပါဝင်ခွင့်ကို ဆက်လက်ကိုင်စွဲထားမယ် ဆိုပါတယ်။ ရုရှားကျူးကျော်မှုကိုကာကွယ်ဖို့ လုံခြုံရေးအာမခံချက်လိုတယ်လို့ ယူကရိန်းဘက်က ပြောခဲ့တယ်လို့ သိရပါတယ်။
Ref , Moscow Times, Kyiv Independent
