၃.၆.၂၀၂၅
Written by Hey Mar
ဇွန်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အတွင်း ရန်ကုန်မြို့ရဲ့ မြို့နယ်တချို့မှာ လူငယ်နှစ်ဦး ကြိုးဆွဲချ (ဆွဲကြိုးချ) သေဆုံးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တာကို မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ လူမှုကူညီရေးအသင်းတွေက သူတို့အသင်းအဖွဲ့တွေရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ Public Post အနေနဲ့ ပြန်လည်မျှဝေမှုတွေအရ သိရှိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က ည ၉ နာရီ မိနစ် ၃၀ အချိန်ခန့်က ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ မေတ္တာလမ်းရှိ နေအိမ်တိုက်ခန်း ငါးထပ်တိုက်၊ သုံးလွှာမှာ အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ရေချိုးခန်းထဲ ထိုးထားတဲ့တန်းကို အနှီးပိတ် အဝတ်အဖြူစအသုံးပြုပြီး ကြိုးသဖွယ်ပြုလုပ်ကာ ရေပုံးကိုမှောက်ချ ခုတက်ပြီး ကြိုးဆွဲချ အဆုံးစီရင်မှုဖြစ်ပွားခဲ့ပါတယ်။
အမျိုးသမီးငယ်ရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ စစ်ဆေးမှုတွေအပြီး သုခကာရီ လူမှုကူညီရေးအသင်းက သင်္ကန်းကျွန်း စံပြဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ ဇွန်လ ၃ ရက်နေ့ မနက် ဆယ်နာရီဝန်းကျင်အချိန်ကလည်း ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်အိမ်ရာ တိုက်(၁) မှာ လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးနေတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ နေအိမ်အိပ်ခန်းအတွင်း မျက်နှာကို အဝတ်နဲ့အုပ်ထားကာ နိုင်လွန်ကြိုးအသုံးပြု ကြိုးဆွဲချသေဆုံးနေတဲ့ လူငယ်ရဲ့ရုပ်အလောင်းကို စမ်းချောင်းအခြေစိုက် အနာဂတ်အလင်းတန်းပရဟိတအသင်းက ရုပ်အလောင်းသွားရောက်ကောက်ယူပေးခဲ့ပြီး ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

