၃.၆.၂၀၂၅
Written by Hey Mar
မြို့နယ်လိုင်စင်ရယူကာ ပရဟိတလုပ်ငန်းတွေဆောင်ရွက်နေတဲ့ မွန်ပြည်နယ်အခြေပြု ပရဟိတအသင်းနှစ်သင်းကို နယ်ကျော်ကာ စည်းကမ်းမလိုက်နာတဲ့အချက်တွေကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေက မနေ့က ဇွန်လ ၂ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး တစ်ရက်တာထိန်းသိမ်းစစ်ဆေးပညာပေးခဲ့တဲ့ဖြစ်စဉ် မွန်ပြည်နယ်က လူမှုကူညီရေးအသင်း နှစ်သင်းမှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေစီးနင်းနေမှုတွေကို ဖော်ထုတ်သွားဖို့ SAC ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို မေလ ၂၀ ရက် နံနက်ပိုင်းက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဒုတိယနေ့မှာ ညွှန်ကြားခဲ့ပြီးတဲ့နောက်ပိုင်း တိုင်းနဲ့ပြည်နယ်အသီးသီးမှာ လိုင်စင်မဲ့မော်တော်ယာဉ်တွေကို စစ်ဆေးကြပ်မတ်နေတာလည်းဖြစ်ပါတယ်။
အခုလို လူမှုကူညီရေးအသင်းကားတွေ ဖမ်းဆီးထိန်းသိမ်းခံရတဲ့အတွက် တချို့အသင်းငယ်တွေမှာ ရပ်တည်ရခက်ခဲပြီး ကူညီမှုလုပ်ငန်းစဉ်တွေ ခေတ္တရပ်ဆိုင်းထားရကြောင်းလည်း လူမှုကူညီရေးအသင်းအဖွဲ့တွေရဲ့ ကွန်ရက်အသီးသီးမှာ အသိပေးထားပြီး ပရဟိတအသင်းကားတွေက လိုင်စင်မဲ့မော်တော်ယာဉ်တွေများပြားသလို စီးနင်းလုပ်ကိုင်ကူညီခွင့်ကိုလည်း သက်ဆိုင်ရာက စည်းကမ်းကြပ်မတ်ခွင့်ပြုပေးထားပြီးဖြစ်သလို အခုလိုထိန်းသိမ်းခံရတာလည်း ညွှန်ကြားချက်တွေဖောက်ဖျက်လို့ဖြစ်ကြောင်း ကရင်ပြည်နယ်အခြေပြု လူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုပါတယ်။
ကရင်ပြည်နယ်အခြေပြု ရွှေလင်းယုန်လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ကျွန်တော်တို့ စည်းကမ်းထုတ်ထားတာ လူနာတင်ကားနဲ့တူရမယ်။ ကားပေါ်မှာ အောက်စီဂျင်ပါရမယ်။ ကုတင်ပါရမယ်။ နောက်ပြီးတော့ အသင်းရဲ့လိုင်စင်ပါရမယ်။ လူဆိုလို့ရှိရင်လည်း ယာဉ်မောင်းက ယာဉ်မောင်းလိုင်စင်ပါရမယ်။ အသင်းရဲ့တူညီဝတ်စုံ ဝတ်ရမယ်။ ယာဉ်မောင်းရော၊ ဆေးအကူလိုက်သူရောပေါ့။ လူနာတင်ယာဉ် ရေသယ်ယာဉ် အဲ့ဒါတွေက သူ့စည်းကမ်းနဲ့ သူသတ်မှတ်ထားတယ်။ ဒါတွေထဲက ဖောက်ဖျက်ကျူးလွန်လို့ ငြိစွန်းလို့ တစ်ရက်နဲ့တစ်ည ထိန်းသိမ်းပညာပေးပြီး ဒီနေ့တော့ ပရဟိတကားလည်းဖြစ်နေတော့ ပြန်လည်လွှတ်ပေးလိုက်ပါတယ်” လို့ MT News ကို ပြောပါတယ်။
ပရဟိတ အသင်းတည်ထောင်ဆောင်ရွက်မယ်ဆိုပါက မြို့နယ်၊ ခရိုင်၊ တိုင်းနဲ့ပြည်နယ်လိုင်စင်တွေအပြင် နိုင်ငံတော်လိုင်စင်(ပြည်တွင်း) ဆိုပြီး အစိုးရက သတ်မှတ်ထုတ်ပေးထားသလို စနစ်တကျ အခွန်ငွေပေးဆောင်ကာလုပ်ကိုင်ဆောင်ရွက်ရတာဖြစ်တယ်လို့ သိရပါတယ်။ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လိုင်စင်မဲ့မော်တော်ယာဉ်အသုံးပြုတဲ့အပေါ်လည်း ခွင့်ပြုပေးထားသလို လိုင်စင်မဲ့မော်တော်ယာဉ်တွေအသုံးပြုပြီး မသမာမှုတွေကျူးလွန်နေတာတွေလည်း အသင်းအဖွဲ့တွေထဲရှိလာတဲ့အတွက် ဒါတွေကိုလည်း လက်ရှိအသင်းအဖွဲ့တွေက အချင်းချင်းလက်တွဲညီညီ နိုင်ငံတော်နဲ့ပူးပေါင်းဆောင်ရွက်ပြီး လူမှုကူညီရေးအသင်းအဖွဲ့တွေရဲ့ ပုံရိပ်ကောင်းတွေ မထိခိုက်အောင်ဆောင်ရွက်သင့်တယ်လို့ အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်း ဥက္ကဋ္ဌက ဆိုပါတယ်။
အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ကိုလှိုင်ဝင်းထွန်းက “လိုင်စင်မဲ့ယာဉ်တွေအသုံးပြုပြီး လုယက်တာ၊ ပြန်ပေးဆွဲတာ 191 ပုံရိပ်ကိုအသုံးချပြီးတော့ပေါ့။ အဲ့ဒီအတွက်ကြောင့် လိုင်စင်မဲ့ကားကိုအဓိကပစ်မှတ်ထားပြီးတော့ အရေးယူတာတွေ ဆောင်ရွက်ဖမ်းဆီးတာပေါ့။ အသင်းအဖွဲ့လိုင်စင်မရှိတဲ့ အသင်းအဖွဲ့တွေက ယာယီပေါ့။ ကျွန်တော်တို့လိုပြည်တွင်းလိုင်စင်ရှိတဲ့အသင်းတွေနဲ့ ပူးပေါင်းတာတွေရှိတယ်။ အဲ့ဒါမျိုးဆိုရင်လည်း ကူညီဆောင်ရွက်ပေးနေပေမယ့် စည်းကမ်းသတ်မှတ်ချက်တွေရှိတယ်။ ပါတီနိုင်ငံရေးကင်းရှင်းရမယ်၊ အသင်းအဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံ၊ ကားစာရင်း၊ လူလိုင်စင်ရှိ မရှိ ဒါတွေ။ ၂၄ နာရီလုံး လူမှုကူညီရေး လုပ်ဆောင်နေတာမျိုး ဟုတ်မဟုတ် ဒါတွေတော့ စိစစ်တယ်။ စိစစ်ပြီး တာဝန်ယူပေးထားတယ်ပေါ့။ ဘာလို့ဆို အရေးပေါ် သဘာဝဘေးအန္တရာယ်တွေဖြစ်လာရင် ထွက်ခွာနိုင်အောင်ပါ။ နောက်ပိုင်းတော့ လိုင်စင်မဲ့ ယာဉ်တွေကိုလည်း ကျွန်တော်တို့ တရားဝင်လိုင်စင်နဲ့ ယာဉ်တွေ တဖြည်းဖြည်း အစားထိုးပြီး ချိန်းသွားမှာပါ” လို့ ပြောပါတယ်။
လူမှုကူညီရေးအသင်းကားပင်ဖြစ်လင့်ကစား သတ်မှတ်စည်းကမ်းနဲ့အညီ မလိုက်နာတဲ့အသင်းဖြစ်ပါက စစ်ဆေးအရေးယူခံရနိုင်ပြီး မော်တော်ယာဉ်ပိုင်ရှင်တွေကိုလည်း ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် အရေးယူခံရနိုင်တာကြောင့် အသင်းအဖွဲ့တွေက ယာဉ်အလှူရှင်တွေရဲ့ အမည်စာရင်းကို ဖော်ထုတ်ထားရှိတာမျိုးလည်း မလုပ်ကြတာတွေ့ရပါတယ်။ နောက်ပြီး လိုင်စင်မဲ့မော်တော်ယာဉ် ရောင်းဝယ်ဖောက်ကားမှုကလည်း လူမှုကူညီရေးအသင်းတွေကြား စီးပွားရေးဆန်ဆန် လှုပ်ရှားမှုတွေပါ ရှိနေတာမို့ သတ်မှတ်ချက်နဲ့ အညီလုပ်ဆောင်နေတဲ့ အသင်းတွေအနေနဲ့ အခုလိုကြပ်မတ်မှုအပေါ် ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ရင် အချိန်မရွေးပူးပေါင်းနိုင်ကြောင်းလည်း အသင်းအဖွဲ့တချို့ကို ဆက်သွယ်မေးမြန်းမှုတွေအရ သိရပါတယ်။

