
MT News
၃. ၆. ၂၀၂၅
တရုတ်နိုင်ငံက အာဆီယံနိုင်ငံ ၁၀ နိုင်ငံနှင့် လာမည့်ရက်ပိုင်းအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာမည့် အရှေ့တီမောနိုင်ငံအတွက် အာဆီယံဗီဇာ ထုတ်ပေးမှု သက်ဆိုင်ရာအခြေအနေအား တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က ဇွန် ၃ ရက်တွင် မိတ်ဆက်ရှင်းလင်းခဲ့သည်။
မကြာသေးမီက တရုတ်နိုင်ငံသည် အာဆီယံ- တရုတ်-ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ထိပ်သီးအစည်းအဝေး ကျင်းပစဉ်ကာလအတွင်း အရှေ့တောင်အာရှနိုင်ငံများအပေါ် ဗီဇာ အဆင်ပြေလွယ်ကူရေး မူဝါဒ ကျင့်သုံးသွားမည်ဟု ကြေညာခဲ့ကြောင်း၊ သက်ဆိုင်ရာအခြေအနေအား ပြောခွင့်ရပုဂ္ဂိုလ်မှ တစ်ဆင့်တိုး မိတ်ဆက်ပေးရန် ယနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်က မေးမြန်းခဲ့သည်။
လျင်ကျန့်က လတ်တလောနှစ်ပိုင်းအတွင်း တရုတ်-အာဆီယံ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို အဆက်မပြတ် တွန်းအားပေးဖော်ဆောင်လာခဲ့ရာ “မိသားစု ဥယျာဉ်ကြီး ၅ ခု” အတူတည်ဆောက်မှုသည် အရေးကြီးရလဒ်များ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများ သွားလာဆက်ဆံမှု များပြားလာသဖြင့် လူပုဂ္ဂိုလ်များ သွားလာရေး တစ်ဆင့်တိုး အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ခြင်းသည် ဘုံဆန္ဒဖြစ်ကြောင်း ပြောကြားခဲ့သည်။
စင်ကာပူ၊ ထိုင်း၊ မလေးရှား စသည့်နိုင်ငံများနှင့် ဘက်စုံအပြန်အလှန် ဗီဇာကင်းလွတ်မှုနှင့် မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများအပေါ် “လန်ချန်း-မဲခေါင်ဗီဇာ” ခွင့်ပြုပေးသည့် အခြေခံပေါ်တွင် ဒေသတွင်းလူပုဂ္ဂိုလ်များ နယ်စပ်ဖြတ်ကျော်သွားလာမှု တစ်ဆင့်တိုးအဆင်ပြေချောမွေ့စေရေးအတွက် တရုတ်နိုင်ငံက အာဆီယံနိုင်ငံ ၁၀ နိုင်ငံနှင့် အာဆီယံ လေ့လာသူနိုင်ငံ အရှေ့တီမောနိုင်ငံအတွက် “အာဆီယံဗီဇာ” ထုတ်ပေး ပေးသွားမည်ဖြစ်ကြောင်း၊ တောင်းဆိုချက်များနှင့် ကိုက်ညီသည့် အဆိုပါ ၁၁ နိုင်ငံမှ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် ၎င်းတို့၏အိမ်ထောင်ဖက်၊ သားသမီးများကို ၅ နှစ်အတွင်း အကြိမ်ကြိမ် ပြည်ဝင်နိုင်သော၊ နေထိုင်မှုကာလ ရက်ပေါင်း ၁၈၀ ရှိသည့် တရုတ်နိုင်ငံသို့လာရောက်ရန် ဗီဇာအမျိုးအစားကို စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ဗီဇာနှင့်စပ်လျဉ်း၍ အသေးစိတ်အကြောင်းအရာများကို သက်ဆိုင်ရာနိုင်ငံရှိ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများထံ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ref, Xinhua
