
MT News
၃. ၆. ၂၀၂၅
ယနေ့ကျင်းပခဲ့သော မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ အလုပ်အမှုဆောင် အစည်းအဝေး (၂/၂၀၂၅) တွင် မန်ချက်စတာယူနိုက်တက် အသင်းအား ASEAN All Star အသင်းအတွက် အနိုင်ဂိုး သွင်းယူကာ May Bank Challenge Cup 2025 ရယူပေးခဲ့သည့် မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင်အား MFF အလုပ်အမှုဆောင် အဖွဲ့မှ ဂုဏ်ပြုငွေ ကျပ် သိန်းတစ်ထောင်နှင့် အမှတ်တရဆု ချီးမြှင့်ခဲ့သည်ဟု သိရသည်။

ထို့အပြင် အစည်းအဝေးတွင် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်) ပြိုင်ပွဲဝင် မြန်မာ ယူ၂၂ အသင်း၊ အမျိုးသမီး လက်ရွေးစင်အသင်း၊ အမျိုးသားနှင့် အမျိုးသမီး ဖူဆယ် လက်ရွေးစင် အသင်းများ အောင်မြင်ရေး ကြိုတင်ပြင်ဆင်မှုများ၊ မြန်မာ့ လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး၊ လူငယ် သက်တမ်းအလိုက် အသင်းများနှင့် ဖူဆယ် အသင်းများ အားလုံး အာရှ၊ အာဆီယံ ပြိုင်ပွဲများအတွက် ရည်မှန်းချက်များနှင့် ပြင်ဆင်မှုများအား သုံးသပ်ဆွေးနွေးခဲ့ကြသည်။

ယင်းအပြင် ငလျင်ဘေးကြောင့် ပျက်စီးခဲ့သည့် မြန်မာဘောလုံး အကယ်ဒမီ(မန္တလေး) ရှင်းလင်းခြင်း၊ တည်ဆောက်ခြင်းနှင့် ၂၀၂၅ ပညာသစ်နှစ် ယာယီ အဆောက်အဦဖြင့် စီစဉ်နေမှု၊- ကစားကွင်းသစ်များနှင့် လေ့ကျင့်ရေး စင်တာများ အတူတကွ ဖော်ထုတ်ခြင်း၊ FIFA Football For Schools အစီအစဉ် အကောင်အထည်ဖော်ခြင်း၊ ဆီးဂိမ်းစ် အပါအဝင် နိုင်ငံတကာပွဲများအား ရုပ်သံထုတ်လွှင့်ခြင်း၊ နိုင်ငံဒေသ နေရာများအလိုက် ဘောလုံးလေ့ကျင့်ရေး စင်တာများ ဖွင့်လှစ်ရေး၊ ယူ၁၅ လိဂ်နှင့် လူငယ်ပြိုင်ပွဲများ ပိုမိုအဆင့်မြှင့်တင်ရေး အစသဖြင့် ကိုယ်စားလှယ်အသီးသီးက တင်ပြဆွေးနွေးခဲ့သည်။

