◾ သတင်းအတု လုပ်ကြံသူများကို တရားစွဲရမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြော

၃.၆.၂၀၂၅
Written By Zun
“ရန်ကုန်ဒလတံတား သင်္ဘောအရှိန်မထိန်းနိုင်လို့ကျိုး” ဟူသည် ခေါင်းစဥ်ဖြင့် လူမှုကွန်ရက်တွင် လုပ်ကြံသတင်းများ ပျံ့နေသည့်အပေါ် သတင်းအတု လုပ်ကြံသူများအား တရားစွဲရမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက MT News ကို ယနေ့ ဇွန်လ ၃ ရက်တွင် ပြောသည်။
လူမှုကွန်ရက်ပေါ်တွင် “ယနေ့ ရန်ကုန်ဒလတံတား သင်္ဘောအရှိန်မထိန်းနိုင်လို့ကျိုး”ဟု ရေးသားထားသည့် လုပ်ကြံသတင်းပျံ့နေသည့်အပေါ် MT News က ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူထံ ဆက်သွယ်မေး မြန်းရာ အဆိုပါ အရာရှိတစ်ဦးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“အခု အဲဒါ ပျံ့နေတယ်။ ကျွန်တော့်ကို တစ်ယောက်ကလည်း ဖုန်းဆက်ပြီး မေးတယ်။ မဟုတ်တာဗျာ။ မဟုတ်က ဟုတ်က တွေပါ။တံတားအမျိုးအစားလည်း မတူဘူး။ ဘယ်က နိုင်ငံခြားက ပုံတွေ ထည့်ပြီးတော့ ရေးနေကြလဲ မသိဘူး။ ဘယ်တော့မှ မကျိုးဘူး။ အဲဒီတံတား။တရားစွဲရမယ် အဲဒါကို”ဟု အဆိုပါအရာရှိကြီးက MT News ကို ပြောသည်။
လူမှုကွန်ရက်ပေါ်တွင် ပျံ့နေသော တံတားမှာ လွန်ခဲ့သော ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်က တိုင်ဖွန်း Gaemi ဝင်ရောက်တိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ရှိ မာရီကီနာ ကွန်ကရစ် မြစ်ကူးတံတားကို ဧရာမ သင်္ဘော ကြီးသုံးစင်း တိုက်မိစဉ်ကပုံ ဖြစ်သည်ကို တွေ့ရသည်။
သို့သော်လည်း နိုင်ငံတော်၏ ပုံရိပ်ကျဆင်းစေလိုသော စိတ်ဖြင့် လုပ်ကြံရေးသားနေကြပြီး ယင်းကို ပြန်လည် မျှဝေနေကြသူများလည်း ရှိနေကြောင်း သိရသည်။
