
၃. ၅. ၂၀၂၅
Translated by Thettant
ရုရှား – ယူကရိန်းစစ်ပွဲအတွင်း ပိုမိုနက်ရှိုင်းစွာ ဆက်ဆံလာခဲ့သော ရုရှားနှင့် တရုတ်တို့ နိုင်ငံနှစ်ခုအကြား နီးကပ်သော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ကိုယ်စားပြုသည့်အနေဖြင့် တရုတ်သမ္မတ ရှီကျင်းဖျင်သည် မေလ ၉ ရက်နေ့တွင် မော်စကိုမြို့၌ ကျင်းပမည့် နာဇီဂျာမနီအပေါ် အောင်နိုင်ခြင်း “အောင်ပွဲနေ့” အခမ်းအနားများကို တက်ရောက်မည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်က ပြောကြားခဲ့သည်။
“တရုတ်ခေါင်းဆောင်ကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်” ဟု ရုရှားနိုင်ငံပိုင်သတင်းအေဂျင်စီ Tass က ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စကော့ဗ်၏ ပြောကြားမှုကို ဖော်ပြခဲ့သည်။
နာဇီဂျာမနီကို အောင်နိုင်ခြင်းအတွက် အောင်ပွဲခံသည့် နှစ် (၈၀) ပြည့် အထိမ်းအမှတ်ရက်များအတွင်း ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲကြောင်း ရုရှားသမ္မတ ပူတင်က ကြေညာလိုက်သည်ဟုလည်း ကရင်မလင်နန်းတော်က ဧပြီ ၂၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီ၌ ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်တွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားအတွက် ရည်ရွယ်သည့် သုံးရက်ကြာ အပစ်အခတ်ရပ်စဲမှုသည် မေလ ၇ ရက် ညသန်းခေါင် မေလ ၈ ရက်သို့ကူးချိန်မှ စတင်မည်ဖြစ်ပြီး မေလ ၁၀ ရက် ညသန်းခေါင် (၁၁ ရက်ကူးစ)အထိ ၇၂ နာရီကြာ အသက်ဝင်မည်ဖြစ်သည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများအပေါ် အခြေခံ၍ အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့ပြီး ယူကရိန်းဘက်မှ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ပါက ထိရောက်သော တုံ့ပြန်မှု လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း ကရင်မလင်၏ ကြေညာချက်က ဖော်ပြခဲ့သည်။ ပြီးခဲ့သည့် အီစတာကာလအတွင်း နာရီ ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့သော်လည်း ချိုးဖောက်ခဲ့ကြောင်း အပြန်အလှန်စွပ်စွဲခဲ့ကြသည်။
တရုတ်သမ္မတနည်းတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း အဆိုပါအောင်ပွဲကို ရုရှားသမ္မတ၏ ကိုယ်တိုင်ဖိတ်ကြားချက်အရ တက်ရောက်ဖွယ်ရှိနေသည်။ ပြီးခဲ့သည့် မတ်လဆန်းက SAC ဥက္ကဋ္ဌသည် ရုရှားသမ္မတ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိခဲ့စဉ် ရုရှားသမ္မတက SAC ဥက္ကဋ္ဌအား ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ရုရှားသမ္မတ မစ္စတာ ဗလာဒီမာပူတင်က ဖိတ်ကြားခဲ့သည်။
ထို့အတူ စစ်ရေးပြအခမ်းအနားများတွင် မြန်မာ့တပ်မတော် ပါဝင်ရန် ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီ၌ ၂၀၂၅ခုနှစ်၊ မေလ ၉ ရက်တွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်ရန် ဗိုလ်မှူးချုပ်မျိုးဆက်အောင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲ့သည် ဧပြီ ၂၃ ရက် နေ့လယ်ပိုင်းတွင် မန္တလေးမြို့၊ တံတားဦးလေဆိပ်မှ ရုရှားနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့သည်။
