၃.၅.၂၀၂၅
Written By Thandar
အလိုတော်ပြည့်ဆရာတော်ကြီးရဲ့ တပည့်ရင်း ဆရာတော်အသျှင်ကုမာရ ဦးဆောင်မှုနဲ့ သရုပ်ဆောင်မျိုးစန္ဒီကျော်တို့က ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ငလျင်ဘေးဒဏ်သင့်ကျေးရွာတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းရင်း အားပေးနှစ်သိမ့်စကားပြောခဲ့ပါတယ်။
“အမတို့အနေနဲ့ ခုလို သဘာဝဘေးဒဏ်ကြောင့် ငလျင်ဒဏ်ခံစားရတဲ့ အင်းလေးဒေသကို အလိုတော်ပြည့် ဆရာတော်ဘုရားကြီး ဦးဆောင်မှုနဲ့ လုပ်အားဒါနနဲ့ တတ်နိုင်သလောက် ပါဝင်အားဖြည့်လှူဒါန်းခဲ့ပါတယ်။ တကယ့်ကို လူအရောက်နည်းတဲ့ နေရာတွေ ဒေသခံတွေနဲ့ သေချာချိတ်ဆက်ပြီး လှူဒါန်းတာပါ။ အကုန်လုံးကလည်း ကိုယ်တွေနဲ့ သူတို့ရဲ့ ဘဝအမောတွေ တခဏမေ့ပြီးတော့ ပျော်နေကြတာတွေ့ကတော့ ပီတိဖြစ်ပေမယ့်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ ခုချိန်အားလုံး ခက်ခဲနေကြသလို ပူဆွေးသောကရောက်နေသူတွေ ဘဝအမော ခေတ္တပြေပျောက်စေလို့ ကိုယ်တိုင်သွားရကျိုးနပ်တယ်လို့ ပြောလို့ရပါတယ်” လို့ သရုပ်ဆောင် မျိုးစန္ဒီကျော်က MT Entertainment ကို ပြောပါတယ်။
အဆိုပါ လှူဒါန်းမှုကိုတော့ မေလ ၂ ရက်နေ့က အိုးအိမ်ပျက်စီးသွားသလို မိသားစုတချို့ဆုံးရှုံးသွားတဲ့ အင်းလေးဒေသ ဟဲယာရွာမရှိ ကျောင်းနီကျောင်း၊ နောက်ရွှေကျောင်း၊ နန်းပန်ရေလယ်ရွာ၊ပထမကျောင်းတို့ကို ကျပ်တစ်သိန်းခွဲတန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းပုံး ၇၀ ကျော်နဲ့ ရေသန့်ကတ် ၁၀၀ ကို ကိုယ်တိုင်လှူဒါန်းခဲ့ပါတယ်။
အင်းလေးဒေသမှာလည်း ဘုန်းကြီးကျောင်းတွေက ဆရာတော်တွေဟာ ကျောင်းဆောင်တွေ၊ ကုဋိတွေပါ ပျက်စီးသွားတဲ့အခက်အခဲတွေ ကြုံနေရတယ်လို့သိရပါတယ်။
#ဆရာတော်အသျှင်ကုမာရ #မျိုးစန္ဒီကျော်
#အလိုတော်ပြည့်ဆရာတော်ကြီး #MyoSandyKyaw #InlayEarthquake #2025earthqauke #myanmarceledoanation



















