
၁၁. ၃. ၂၀၂၅
Written by Nyein Kyaw
ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုသည် အနည်းငယ်တိုးတက်မှုရှိခဲ့သော်လည်း လက်နက်ကိုင်ပဋိပက္ခများကြောင့် တိုးတက်မှုအညွှန်းကိန်းအမှတ်အောက် နှစ်လဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း ဖေဖော်ဝါရီလအတွက် ထုတ်ပြန်သည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှစတင်ပြီး ကျဆင်းသွားခဲ့သည့် မြန်မာကုန်ထုတ်လုပ်မှုသည် ခြောက်လကြာ ဒီဇင်ဘာလတွင် တိုးတက်မှုပြန်မြင်ခဲ့ရသည်။ သို့သော် ထုတ်လုပ်ရေးစရိတ်မြင့်တက်ခဲ့မှုနှင့်အတူ ဝယ်လိုအားကျဆင်းလာမှုတို့ကြောင့် ၂၀၂၅ ခုနှစ်အစ ဇန်နဝါရီလတွင် ပြန်လည်ကျဆင်းခဲ့သလို ဖေဖော်ဝါရီတွင်လည်း ဆက်လက်ကျဆင်းခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခအလုံးစုံ စီးပွားရေးစွမ်းဆောင်ရည်အပေါ် ဆက်လက်ဖိအားပေးနေသောကြောင့် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေးကဏ္ဍသည် ဆက်လက်ပြီးကျဆင်းခဲ့ကြောင်း S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ထောက်ပြထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည် ဇန်နဝါရီလတွင် ၄၇ ဒသမ ၄ မှ ဖေဖော်ဝါရီလတွင် ၄၈ ဒသမ ၅ သို့ တက်လာခဲ့သော်လည်း PMI အညွှန်းကိန်းအလယ်အမှတ် ၅၀ အောက်မှာ နှစ်လဆက်တိုက် ယိုယွင်းမှုရှိနေသည်ကိုပြသခဲ့ကြောင်း ဖော်ပြထားသည်။
“ဒါပေမဲ့လည်း အလုံးစုံထုတ်လုပ်ရေး ဦးစိုက်မှုက သက်သာခဲ့ပြီး PMI က ခြောက်လအတွင်း ငါးကြိမ်မြင့်တက်ခဲ့ကာ ဖေဖော်ဝါရီလမှာ ရေရှည်ပျမ်းမျှအညွှန်းကိန်း ၄၈ ဒသမ ၁ ထက် အနည်းငယ်မြင့်တက်ခဲ့ပါတယ်။ ၁၂ လစာ ရှုမြင်သုံးသပ်ချက်က အပြုသဘောဆောင်ပေမဲ့လည်း ကပ်ရောဂါကာလမတိုင်မီ အလားအလာထက်စာရင် အများကြီးပိုပြီးအားနည်းနေပါသေးတယ်” ဟု စီးပွားရေးပညာရှင် Maryam Baluch က ပြောသည်။
မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နိုင်ငံများကို အဓိကတွက်ချက်ထားသည့် အာဆီယံဒေသတွင်း ကုန်ထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ် ဇူလိုင်လနောက်ပိုင်းတွင် အလျင်အမြန်တိုးတက်ခဲ့သလို ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည်လည်း ဇန်နဝါရီလတွင် ၅၀ ဒသမ ၄ သာရှိခဲ့ရာမှ ဖေဖော်ဝါရီလတွင် ၅၁ ဒသမ ၅ သို့ တိုးတက်ခဲ့ပြီး ခုနစ်လအတွင်း အားအကောင်းဆုံး အတိုင်းအတာအထိ တိုးတက်မှုရလာခဲ့ကြောင်း ဖော်ပြထားသည်။