၁၁.၃.၂၀၂၅
Translated by Htwe Ko Tun
ကုန်သင်္ဘောတစ်စီးက အမေရိကန်လေတပ်အတွက် ဂျက်လေယာဉ်ဆီများသယ်ဆောင်လာသော ရေနံတင်သင်္ဘောတစ်စီးကို မတ်လ ၁၀ ရက်က အင်္ဂလန်အရှေ့ဘက်ကမ်းရိုးတန်းတွင် ဝင်တိုက်မိခဲ့ရာ သင်္ဘောနှစ်စင်းစလုံး မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး လေယာဉ်ဆီများမှာလည်း မြောက်ပင်လယ်အတွင်းသို့ ယိုဖိတ်ကျကုန်သည်ကို တွေ့ရကြောင်း သိရသည်။


သင်္ဘောနှစ်စီးမှ သင်္ဘောသား ၃၇ ဦးအနက် တစ်ဦးမှလွဲ၍ ကျန်သင်္ဘောသားများကို ကမ်းခြေသို့ ဘေးကင်းစွာပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။ Solong အမည်ရှိ ကုန်သင်္ဘောပေါ်မှ သင်္ဘောသားတစ်ဦးမှာမူ ပျောက်ဆုံးနေကြောင်း သင်္ဘောပိုင်ရှင် Emst Russ ကုမ္ပဏီက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ကုန်တင်သင်္ဘောမှ သင်္ဘောသားတစ်ဦးပျောက်ဆုံးနေပြီး ရေနံတင်သင်္ဘောမှ သင်္ဘောသားများအားလုံး ဘေးကင်းကြောင်းကြေညာချက်က ဖော်ပြခဲ့သည်။

သင်္ဘောတိုက်မိမှုက မတ်လ ၁၀ ရက် ဂရင်းနစ်စံတော်ချိန် နံနက် ၁၀ နာရီမတိုင်မီဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သင်္ဘောတိုက်မိပြီး ၁၂ နာရီခန့်ကြာသည်အထိ သင်္ဘောနှစ်စင်းမှာ မီးလောင်ကျွမ်းနေဆဲဖြစ်ကြောင်း ဗြိတိသျှကမ်းခြေစောင့်တပ်က ပြောခဲ့သည်။ သင်္ဘောနှစ်စင်းမှ သင်္ဘောသား ၃၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို ရပ်ဆိုင်းခဲ့ကြောင်း ကမ်းခြေစောင့် တပ်က ပြောခဲ့သည်။ ၎င်းတို့အနက် တစ်ဦးမှာ ဆေးရုံတင်ထားရကြောင်းလည်း သိရသည်။
သင်္ဘောချင်းတိုက်မှုကြောင့် အသက်ကယ်လှေများ၊ အရှေ့ဘက်ကမ်းရိုးတန်းစောင့် လေယာဉ်များနှင့် ကုန်သွယ်သင်္ဘောများပါ ပါဝင်သော အဓိက ကယ်ဆယ်ရေးလုပ်ငန်းကြီးတစ်ရပ်ကို မြူများထူထပ်နေသော မြောက်ပင်လယ်အတွင်း ဆောင်ရွက်နေကြသည်ကို တွေ့ကြရသည်။
Ref- AP
