ပုံစာ-ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာအလုပ်သမားများကို တွေ့ရစဉ်။ (ဓာတ်ပုံ-ကိုရီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံး)
◾️ PJ နိုင်ငံကူးလက်မှတ်နှင့် OWIC ကတ် လက်ဝယ်ရှိပြီး အေဂျင်စီ၊ မိမိအစီအစဉ်နှင့် ခွင့်ပြန်လာပြီး ပြန်လည်ထွက်ခွာလိုသူအားလုံး ပြည်ပထွက်ခွာရန် အွန်လိုင်းမှ လျှောက်ထားရမည်
၁၁. ၃. ၂၀၂၅
Written by Nyein Kyaw
ခေတ္တရပ်ဆိုင်းထားသည့် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (OWIC) ကတ် ထုတ်ပေးရေးလုပ်စဉ်အား မတ်လ ၂၀ ရက်မှစတင်၍ အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြအတည်ပြုပြီး အလုပ်ခေါ်စာများကို OWIC ကတ် ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ယခုကာလအတွင်း ပြည်ပနိုင်ငံများသို့ အလုပ်လုပ်ရန် ထွက်ခွာမည့်သူများစာရင်းစိစစ်ခြင်း၊ OWIC ကတ်ထုတ်ပေးသောစက်များ၌ တပ်ဆင်ထားသည့် Software များပြုပြင်ခြင်း၊ OWIC ကတ်ထုတ်ပေးရေးစင်တာများ တစ်နေရာတည်း ပေါင်းစည်းခြင်း၊ အလုပ်ရှင်/ အလုပ်သမား စာချုပ်ချုပ်ဆိုသည့်နေရာများ တစ်စုတစ်စည်းတည်းဖြစ်အောင်ပြင်ဆင်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသောကြောင့် OWIC ကတ်ထုတ်ပေးရေးလုပ်ငန်းစဉ်ကို ခေတ္တရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ပါ၍ OWIC ကတ်အသစ် ပြုလုပ်လိုသူများအား ၂၀၂၅ ခုနှစ်၊ မတ်လ ၂၀ ရက် (ကြာသပတေးနေ့) မှစ၍ အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြထားသည့် အတည်ပြုပြီး အလုပ်ခေါ်စာများ (တင်ပြရက်စွဲအစဉ်အလိုက်) အရ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုချက်ရရှိပြီးသူများအား လည်းကောင်း၊ မိမိအစီအစဉ် (ကျွမ်းကျင်) ဖြင့် သွားရောက်မည့်သူများအား လည်းကောင်း စိစစ်ပြီး OWIC ကတ် ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း OWIC ကတ်ထုတ်ယူရရှိမှသာ လေယာဉ်လက်မှတ်ဝယ်ယူခြင်းကို ဆောင်ရွက်ကြရန်လိုအပ်ကြောင်း အသိပေးထားသည်။
ထို့ပြင် PJ နိုင်ငံကူးလက်မှတ်နှင့် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (OWIC) လက်ဝယ်ရှိနေသူများသည် အေဂျင်စီအစီအစဉ်ဖြင့်သော်လည်းကောင်း၊ မိမိအစီအစဉ် (ကျွမ်းကျင်) ဖြင့်သော်လည်းကောင်း၊ ခွင့်ပြန်လာသဖြင့် ခွင့်ရက်စေ့ကာ ပြန်လိုခြင်းကြောင့်သော်လည်းကောင်း ပြည်ပနိုင်ငံများသို့ ထွက်ခွာမည်ဆိုပါက အလုပ်သမားဝန်ကြီးဌာနသို့ အွန်လိုင်းမှတစ်ဆင့် လျှောက်ထားကာ (လူကိုယ်တိုင်လာရောက်ခြင်း မပြုရန်) ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုချက်ကို ရယူရမည်ဖြစ်ကြောင်းကိုလည်း အသိပေးထားသည်။
အွန်လိုင်းမှ လျှောက်ထားရာတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ လိပ်မူ၍ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုချက်ကိုရယူရန် လျှောက်ထားသည့်စာ၊ နိုင်ငံကူးလက်မှတ်မိတ္တူ (ဓာတ်ပုံပါစာမျက်နှာနှင့် နေထိုင်ခွင့်သက်တမ်းစာမျက်နှာ)၊ သက်တမ်းရှိနေသည့် OWIC ကတ် ရှေ့/နောက် မိတ္တူ၊ ခွင့်ပြန်အလုပ်သမားများဖြစ်ပါက သက်တမ်းရှိနေသည့် အလုပ်လုပ်ခွင့်ပါမစ်မိတ္တူနှင့် အလုပ်ရှင်မှ ခွင့်ဖြင့်နေရပ်သို့ ပြန်ရန်ခွင့်ပြုသည့် ခွင့်စာများကို ပူးတွဲတင်ပြရမည်ဖြစ်သည်။

ထို့အတူ အေဂျင်စီများအနေဖြင့် ပြည်ပသို့ သွားရောက်အလုပ် လုပ်ကိုင်ရန်အတွက် တင်ပြရာတွင် သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်ငန်းဆောင်ရွက်နေသည့် သက်ဆိုင်ရာ Email များသို့ တင်ပြရန်၊ မိမိအစီအစဉ်ဖြင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် တင်ပြရာတွင် သတ်မှတ်အထောက်အထားများနှင့်အတူ [email protected] သို့ ပေးပို့လျှောက်ထားရန်၊ အနည်းဆုံး ရုံးပိတ်ရက် (မပါ) ၅ ရက်ကြိုတင်၍ လျှောက်ထားရန် အသိပေးထားသည်။
ဝန်ကြီးဌာနအနေဖြင့် စိစစ်ပြီးနောက် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုသည့်စာရင်းများကို Safe Migration Telegram Channel တွင် ကြေညာပေးမည်ဖြစ်ပြီး သက်ဆိုင်ရာ လေဆိပ်များသို့လည်း ပေးပို့ထားမည်ဖြစ်ကြောင်းနှင့် အသိပေးကြေညာချက်ပါ လုပ်ငန်းစဉ်အား ၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက် (တနင်္လာနေ့) တွင် စတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။
