◾️ ပြင်ဦးလွင်ဒေသထွက်နှင့် အခြေခံသုံးကုန်ပစ္စည်းများကို တစ်နေရာတည်းရရှိနိုင်စေရန် ဆောင်ရွက်ခဲ့သည့် သုမင်္ဂလာဈေး(ညံတောဈေး) အဆင့်မြင့်ဈေးသစ် တည်ဆောက်ရေး ရုပ်လုံးကြွ အကောင်အထည်ပေါ်လာပြီဖြစ်
၄. ၁၂. ၂၀၂၅
Written by Nyein Kyaw
ပြင်ဦးလွင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုအား မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယနေ့တွင် လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ယာယီသမ္မတနှင့် အဖွဲ့ဝင်များသည် မန္တလေး-လားရှိုးလမ်းမကြီးမှ ဇီးပင်ကြီးကျေးရွာနှင့် ဗဟိုမီးသတ်သင်တန်းကျောင်းသို့ ဝင်ရောက်သည့် လမ်းသစ်ဖောက်လုပ်မည့် လျာထားလမ်းအူကြောင်းနေရာတစ်လျှောက် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲပြီး အဆင့်မီသည့်လမ်းဖြစ်ပေါ် လာစေရေး၊ ဒေသခံများ အဆင့်မီမီအသုံးပြုသွားလာနိုင်ရေး စနစ်တကျတွက်ချက်ဆောင် ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။





ထို့နောက် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန (ပြင်ဦးလွင်ခရိုင်ရုံးခွဲ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြင်ဦးလွင်ဒေသသည် MSME လုပ်ငန်းများ များစွာရှိသည်ဖြစ်သဖြင့် စားသောက်ကုန်ဓာတ်ခွဲခန်း ဆောင်ရွက်ပေးခြင်းသည် များစွာအကျိုးရှိဖြစ်ပေါ်စေမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို ယာယီသမ္မတက မှာကြားသည်။
ဆက်လက်၍ ယာယီသမ္မတသည် ပြင်ဦးလွင်မြို့၏ လူနေမှုထူထပ်လာမှုများ၊ ခရီးသွားလာမှုများပြားလာမှုများနှင့် ကိုက်ညီသည့် အဆင့်မီဈေးတစ်ခုဖြစ်ပေါ်လာစေရန်နှင့် ဒေသထွက်နှင့် အခြေခံသုံးကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်းရရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည့် သုမင်္ဂလာဈေး(ညံတောဈေး) အဆင့်မြင့်ဈေးသစ် တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်ကိုက်ညီသည့် အဆင့်မြင့်ဈေးဖြစ်သဖြင့် ဈေးရောင်းချမှုများသည်လည်း စနစ်တကျဖြစ်ရန်နှင့် အဆင့်မီရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို ယာယီသမ္မတက မှာကြားခဲ့ပြီး သုမင်္ဂလာဈေး (ညံတောဈေး) အဆင့်မြင့်ဈေးသစ် တည်ဆောက်ရေး စီမံကိန်းအတွင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ သုမင်္ဂလာဈေး(ညံတောဈေး) အဆင့်မြင့်ဈေးသစ် အဆောက်အဦမျက်နှာစာတွင် အလျား ၁၆၅ ပေ၊ အနံ ၆၁ ပေနှင့် ၁၄၅ ဒီဂရီရှိ မြန်မာပြည်တွင် အကြီးဆုံး Curved LED Display ကို တပ်ဆင်ထားရှိပြီး မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် ကိုက်ညီသည့် အဆင့်မြင့်ဈေးသစ်အဆောက်အုံကြီး ရုပ်လုံးကြွ အကောင်အထည်ပေါ်လာမှုကို ဒေသခံပြည်သူများအနေဖြင့် ဂုဏ်ယူစွာ လာရောက်ကြည့်ရှုခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။
