၁၁.၃.၂၀၂၅
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း ဒူတာတေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး(အိုင်စီစီ) က ဖမ်းဝရမ်းထုတ်ပြန်ပြီး မကြာမီလေးမှာဘဲ ဟောင်ကောင်မှပြန်အလာ မနီလာလေဆိပ်မှာ မတ်လ ၁၁ ရက်က ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အိုင်စီစီက ဒူတာတေးဟာ သူ့ရဲ့သေစေလောက်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲမှာ လူသားမျိုးနွယ်ကိုဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲတဲ့ဖမ်းဝရမ်းတစ်ခုကိုထုတ်ပြန်ခဲ့ပြီး မကြာမီလေးမှာ ခုလိုဖမ်းဆီးခဲ့တာပါ။
အသက် ၇၉ နှစ်ရှိ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး ဟာ ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ သမ္မတအဖြစ်တာဝန်ယူခဲ့စဉ်မှာ သူ့ရဲ့ မူးယစ်လုပ်ငန်းတွေဖြိုခွင်းမှု စစ်ဆင်ရေးက လူထောင်နဲ့ချီလို့ သေဆုံးစေခဲ့တယ်လို့ စွပ်စွဲပြီး အိုင်စီစီက ဖမ်းဝရမ်း ထုတ်ပြန်ခဲ့တာပါ။
သူ့ကို ဒီလို အိုင်စီစီရဲ့ ဖမ်းဝရမ်းကြောင့် ဖမ်းဆီးမှုပြုနိုင်တယ်လို့ သတင်းတွေထွက်ပေါ်လာတာကြောင့် ဒီမတိုင်ခင်ကလည်း ဒူတာတေးက သူ့အနေနဲ့ အကျဉ်းထောင်ကိုသွားဖို့အဆင်သင့်ပဲလို့ ပြောခဲ့ပါသေးတယ်။ သူ့ရဲ့ သမ္မတ ပြောရေးဆိုခွင့်ရှိသူဟောင်းဖြစ်တဲ့ ဆာလ်ဗေးဒိုး ပါနီလိုက ဒီလိုဖမ်းဆီးမှုကိုရှုတ်ချမှုပြုခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံက အိုင်စီစီရဲ့အဖွဲ့ဝင်အဖြစ်က နုတ်ထွက်ပြီးဖြစ်လို့ ခုလိုဖမ်းဆီးမှုက တရားဥပဒေနဲ့ မညီဘူးလို့ ပြောခဲ့ပါတယ်။
ဒူတာတေးဟာ လာမယ့် မေလ ၁၂ ရက်မှာကျင်းပမယ့် နှစ်ဝက်ကာလ ရွေးကောက်ပွဲတွေမှာ သူ့ ရဲ့အထက်လွှတ်တော်အမတ်နေရာအတွက် မဲဆွယ်စည်းရုံးဖို့ ဟောင်ကောင်မြို့ကို သွားရောက်ခဲ့တာပါ။ ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ဗီဒီယိုမှာ သူက တုတ်ကောက်တစ်ချောင်းနဲ့ လေဆိပ်အပြင်ဘက်ထွက်သွားတာတွေ့ကြရပါတယ်။ အာဏာပိုင်တွေကတော့ ဒူတာတေးဟာ ကျန်းမာရေးကောင်းပြီး အစိုးရဆရာဝန်တွေရဲ့ စောင့်ရှောက်ကုသမှုခံယူနေတယ်လို့ ဆိုကြပါတယ်။
ဖိလစ်ပိုင်ရဲ့ အကြီးဆုံးမြို့ကြီးတစ်မြို့ဖြစ်တဲ့ ဒါဗါအိုမြို့ ရဲ့ မြိုတော်ဝန်ဟောင်းဖြစ်တဲ့ ဒူတာတေးဟာ ရာဇဝတ်မှုတွေကို ကျယ်ပြန့်စွာနှိမ်နင်းမယ်ဆိုတဲ့ ကတိပြုချက်နဲ့အတူ ၂၀၁၆ ခုနှစ်မှာ သမ္မတဖြစ်လာတာပါ။ ဒါပေမယ့် ဝေဖန်ရေးသမားတွေက သူ့ရဲ့မူးယစ်ဆေးဝါးတိုက်ခိုက်ရေးစစ်ပွဲမှာ ရဲတွေက မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ သံသယရှိသူတွေကို သတ်ခဲ့ကြတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။ ဒီစွပ်စွဲချက်တွေကို ဒူတာတေးကတော့ ငြင်းခဲ့ပါတယ်။
ဖိလစ်ပိုင်အနေနဲ့ ၂၀၁၈ ခုနှစ်၊ မတ်လမှာ အိုင်စီစီက နုတ်ထွက်ခဲ့ပြီးဖြစ်ပေမယ့် ဒီမတိုင်ခင် ရာဇဝတ်မှုတွေအတွက်တော့ စစ်ဆေးအရေးယူခွင့်ရှိတယ်လို့ အိုင်စီစီ ကဆိုပြီး ဒူတာတေးကို ဖမ်းဝရမ်းထုတ်ခဲ့တာပါ။
လက်ရှိသမ္မတ မားကို့စ်အနေနဲ့ ဒူတာတေးကို အိုင်စီစီ ရှိရာ သည်ဟိဂ်မြို့ တရားရုံးကို လွှဲပြောင်းပေးမပေး မသေချာသေးပါဘူး။
Ref- BBC
